မန္တလေးသတင်းအညာမြေ တော်လှန်ရေး

တောင်သာမှာ စစ်အုပ်စုက ရွာကို ဗုံးကြဲ၊ မီးရှို့ကာ မပြေးနိုင်တဲ့ ဘုန်းကြီးတစ်ပါးကို မီးရှို့သတ်၊

ကားလမ်းပေါ်က PDF ဂိတ်စခန်းကို စီးနင်းရင်း အနီးက ရွာကိုပါ ဗုံးကြဲ၊ မီးရှို့၊ သတ်ဖြတ်တာဖြစ်၊

အီသာရမ်/MFP၊ နိုဝင်ဘာ – ၂၂

မန္တလေးတိုင်း‌၊ မြင်းခြံခရိုင်၊ တောင်သာမြို့အနီးက ညောင်တိုကျေးရွာကို စစ်အုပ်စုက မနေ့က မနက်ပိုင်း ပါရာမော်တာ – စက်တပ်လေထီးနဲ့ ဗုံးကြဲပြီးနောက် မြေပြင်စစ်ကြောင်းက ပစ်ခတ်စီးနင်းကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး မပြေးနိုင်တဲ့ ဘုန်းတော်ကြီးတစ်ပါးကိုပါ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက် မနက် ၈ နာရီခန့်မှာ တောင်သာမြို့နဲ့တစ်မိုင်ခန့်အကွာရှိ ညောင်တိုကျေးရွာကို စစ်အုပ်စုက လေထီးနဲ့ ဗုံးကြဲပြီးနောက် စစ်အုပ်စု ခန့်မှန်းအင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို ဖောက်ထွင်းလုယက် မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။

ညောင်တိုကျေးရွာဟာ အိမ်ခြေ ၃၀၀ ခန့်နဲ့ လူဦးရေ ၁၅၀၀ ခန့် နေထိုင်တဲ့ရွာ ဖြစ်ပြီး စစ်အုပ်ု မီးရှို့လို့ ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၀ ခန့် မီးလောင်ပြာကျကာ မပြေးနိုင်တဲ့ အသက် ၈၀ ကျော်အရွယ် ဘုန်းတော်ကြီးတစ်ပါးလည်း မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ခြေ ၅၀ လောက် မီးထဲပါသွားတယ်၊ အသက်ကြီးတဲ့ ဦးဇင်းတစ်ပါး မီးထဲပါသွားသေးတယ်ဗျာ၊ အရင်ဆုံး ဗုံးကြဲပြီးမှ စစ်ကြောင်းထိုးလာတာ၊ လေထီးနဲ ဗုံးတွေ လာချတာ၊ လက်နက်ကြီးတွေနဲရော ပစ်ဝင်လာတာ”

စစ်အုပ်စုက ညောင်တိုကျေးရွာကို စစ်ကြောင်းထိုးဖို့အတွက် မိတ္ထိလာလေတပ်ကနေ စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ပြီး ကျေးရွာကို စီးနင်းဝင်ရောက်တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ညောင်တိုကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ညောင်တိုကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာရဲ့တောင်ဘက်၊ တောင်သာ-ငါးသရောက် ကားလမ်းပေါ်မှာ ရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ဂိတ်စခန်းကို ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်လော်ဘီတွေကတော့ ရွာမီးရှို့၊ လူသတ်တာကို မဖော်ပြဘဲ တောင်သာ – ငါးသရောက်လမ်းပေါ်က PDF ဂိတ်စခန်းတစ်ခု သိမ်းဆည်း ရရှိတယ်လို့ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ညောင်တိုကျေးရွာကို စစ်အုပ်စုက မကြာခဏ ဗုံးကြဲနေတာဖြစ်ပြီး စက်တပ်လေထီးနဲ့ သုံးကြိမ်ထက်မနည်း ဗုံးကြဲခံခဲ့ရကာ အိုးအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ – ငါးသရောက် ကားလမ်းအနီးက ညောင်တိုရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေစဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button