ဇော်မောင်/MFP၊ နိုဝင်ဘာ – ၂၂
မန္တလေးမြို့က အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ပြည်သူတွေ ယာဉ်အန္တရာယ် ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြပ်မတ်စစ်ဆေးတာတွေကို စနစ်တကျ လုပ်ဆောင်ပေးတာ မရှိတော့ဘဲ စစ်အုပ်စု ခရီးစဉ်အတွက် လမ်းကြောင်းရှင်းတာနဲ့ အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းပေါ်တက်ပြီး ဖမ်းဆီးငွေညှစ်တဲ့ အလုပ်တွေသာ အဓိက လုပ်ကိုင်တော့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့တွင်းရှိ မီးပွိုင့်နဲ့ လမ်းဆုံ၊လမ်းခွတွေမှာ စစ်အုပ်စု ယာဉ်ထိန်းတွေ စောင့်ကြပ်တာ မတွေ့ရတော့ဘဲ စစ်အုပ်စု ခရီးစဉ်ရှိချိန်နဲ့ လမ်းပေါ် ငွေညှစ်ချိန်မှသာ ယာဉ်ထိန်းတွေကို တွေ့ရတော့တယ်လို့ ဆိုပါတယ်။
“မန္တလေးမှာ အရင်ခေတ် (NLDအစိုးရ) ကထက် စည်းမဲ့ကမ်းမဲ့ မောင်းတဲ့သူ ပိုများလာတယ်၊ အလျော့လည်း မပေးချင်ကြဘူး၊ မီးပွိုင့်ပျက်ရင် ၆၂ နဲ့ သိပ္ပံလမ်းလို လမ်းအကျယ်ကြီးမှာတောင် လမ်းပိတ်တာမျိုး ဖြစ်တယ်၊ ဘယ်မော်တော်ပီကယ်မှ လာရှင်းပေးတာ မရှိဘူး၊ မော်တော်ပီကယ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားမလည်တဲ့ အရပ်ဝတ် ပျုတွေ၊ ရဲတွေနဲ့ ပေါင်းပြီး ဉပဒေမဲ့ ကားဆိုင်ကယ်တွေကို ခိုးချောင်းဖမ်းဖို့ပဲ အလုပ်လုပ်တော့တာ၊ သူတို့က မီးပွိုင့်မှာ မစောင့်တော့ဘူး၊ လမ်းကြားတွေမှာပဲ စောင့်တော့တာ၊ သူတို့ အဖေတွေ လမ်းကြောင်းရှိရင်တော့ မီးပွိုင့်မှာ ရှိတယ်၊ အခုဆို ပိုဆိုးတယ်၊ ဘယ်သူ့ အဖေခေါ်ရမှန်း မသိတဲ့ခေတ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မန္တလေးမြို့တွင်း ယာဉ်အသွားအလာများတဲ့ သိပ္ပံလမ်း၊ ၃၅လမ်း၊ ၇၈ လမ်း၊ ၆၂ လမ်း နဲ့ ၃၈ လမ်းပေါ်က မီးပွိုင့်တွေမှာတောင် ယာဉ်ထိန်းရဲ အစောင့်မရှိတော့ဘူးလို့ ဆိုပါတယ်။
မီးပွိုင့်မှာ ယာဉ်ထိန်းရဲ မရှိတာကြောင့် မီးပျက်ချိန်၊ မနက်ပိုင်းနဲ့ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ ယာဉ်ကြောပိတ်ဆို့မှု့တွေ ဆိုးရွားစွာ ဖြစ်ပွားနေတယ်လို့ မန္တလေးမြို့သစ်ပိုင်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“သိပ္ပံလမ်းတလျောက်မှာ ပုဂ္ဂလိကသူဌေးကျောင်းတွေလည်း များသလို ကားလည်းများ၊ အလုပ်သွား၊ အလုပ်ပြန်လည်း များတာကြောင့် မနက်နဲ့ညနေပိုင်း အချိန်တွေမှာ ခနခဏ လမ်းပိတ်တယ်”
မီးပွိုင့်တွေမှာ ယာဉ်ထိန်းရဲ မရှိတာကြောင့် မီးနီချိန် စည်းကမ်းမဲ့ ဖြတ်မောင်းကြသူတွေလည်း များလာပြီး ယာဉ်တိုက်မှုတွေလည်း မကြာခဏ ဖြစ်နေကာ ဆိုင်ကယ်စီး၊ ကားမောင်းရတာ အန္တရာယ် ပိုများလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အဆိုးဆုံးက သုံးဘီးအဝါတွေနဲ့ ပစ္စည်းပို့တဲ့ ဆိုင်ကယ်ဒလီသမားတွေပဲ၊ တော်တော် သတိထား မောင်းရတယ်၊ မီးပွိုင့်တွေမှာ အချက်ပြမီးတွေက အလုပ်လုပ်တယ်၊ ဒါပေမယ့် ဘယ်မီးပွိုင့်တစ်ခုမှာမှ မော်တော်ပီကယ် မရှိတော့ မီးနီလည်း ဇွတ်ဖြတ်မောင်းကြတယ်၊ အခုတော့ ကိုယ့်ဘာသာကိုယ်ပဲ သူတို့ကို သတိထား စီးနေရတယ်”
ပြီးခဲ့တဲ့ ရက်ပိုင်းက ၇၈ လမ်းနဲ့ ၃၇ လမ်း မီးပွိုင့်မှာ မီးနီကို ဖြတ်မောင်းတဲ့ သုံးဘီးယာဉ်တစ်စီးက မီးစိမ်းလို့ မောင်းလာတဲ့ တစ်ဖတ်ယာဉ်ကြောက ဆိုင်ကယ်စီး အမျိုးသားတစ်ဦးကို ဖြတ်တိုက်သွားတဲ့ ဖြစ်စဉ် ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ အဲ့ဒီ မြို့ခံက ဆက် ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပါကလည်း ယာဉ်ထိန်းက မလာဘဲ စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီးနဲ့ အပြာယူနီဖောင်းဝတ်တွေက အရင်ဆုံးရောက်လာကာ နောကဆုံးအဆင့် လျော်ကြေးညှိနှိုင်းချိန်မှသာ ယာဉ်ထိန်းက နှစ်ဖက်လုံးကို ငွေညှစ်ပြီး ညှိနှိုင်းပေးတာမျိုး လုပ်တော့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုကတော့ မန္တလေးမြို့တွင်း လမ်းမတွေမှာ မီးပွိုင့်တွေနဲ့ နည်းပညာမြင့် CCTV တွေ တိုးချဲ့ တပ်ဆင်နေတယ်လို့ သတင်းဖြန့်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကနေ ယခု နိုဝင်ဘာအထိ မန္တလေးမြို့ပေါ်မှာ SCAT Controller မီးပွိုင့် ၆၅ ခု၊ Individual Loop Sensor မီးပွိုင့် ၂၅ ခုနဲ့ ရိုးရိုး Timer သုံး LED မီးပွိုင့် ၄၀ ခု၊ စုစုပေါင်း မီးပွိုင့် ၁၃၀ ကို တပ်ဆင်ထားပြီး CCTV ကင်မရာတွေလည်း တပ်ဆင်ကာ ယာဉ်အသွားအလာ မှတ်တမ်းတင်တာကို နေ့စဉ် လုပ်နေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု ယာဉ်ထိန်းတွေ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



