အတုအယောင်ရွေးကောက်ပွဲ တိုက်ဖျက်ရေး ရေစကြိုနဲ့ ဆားလင်းကြီးမှာ ဆိုင်ကယ်သပိတ် ပြုလုပ်၊
ဘဦး/MFP၊ နိုဝင်ဘာ – ၂၄
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရေး မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူတွေက MFP ကို ပြောပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ကို ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနဲ့ ပြည်သူတွေ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ရေစကြိုမြို့နယ်တွင်း ကျေးရွာ ခြောက်ရွာနဲ့ ဆားလင်းကြီးမြို့နယ်တွင်း ကျေးရွာ လေးရွာ၊ စုစုပေါင်း ၁၀ရွာမှာ လှည့်လည်က ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျေးရွာတွေထဲ ပြည်သူတွေ တွေ့တဲ့အခါ ရွေးကောက်ပွဲ တိုက်ဖျက်ရေး တရားတွေ ဟောတယ်၊ လက်ကမ်းစာစောင်တွေ ဝေတယ်၊ ပြည်သူတွေကို စကမ ပြုလုပ်တဲ့ပွဲဟာ အတုအယောင် ဖြစ်တဲ့အကြောင်း၊ ထောင်ချောက်ဖြစ်တဲ့အကြောင်း မျှဝေခဲ့တယ်”လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ ဆန္ဒပြပွဲကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ နဲ့ လူသားစာနာ တာဝန်ခံတို့ကလည်း ပူးပေါင်းချီတတ်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရေးအတွက် လူထုလှုပ်ရှားမှုအဖြစ် ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုက ဆိုင်ကယ်သပိတ် သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



