စစ်ကိုင်းသတင်း

မုံရွာနည်းပညာတက္ကသိုလ်က စစ်အုပ်စုတပ် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ကာ ဒေသခံတွေကို စစ်ဆေးဖမ်းဆီးနေ

နွေဦး/MFP ၊ နိုဝင်ဘာ – ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က နည်းပညာတက္ကသိုလ်ကိုမှာ တပ်စွဲနေထိုင်နေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၃ ရက်မှာ တိုက်ခိုက်ပြီးနောက် လုံခြုံရေးတိုးမြှင့်ကာ ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မုံရွာနည်းပညာတက္ကသိုလ်မှာ တပ်စွဲနေထိုင်နေတဲ့ စစ်အုပ်စုတပ်ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုတပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မအူဂိတ်ကနေ အင်အားထပ်တိုးချကာ မြို့ပေါ်မှာလည်း မိုဘိုလ်းအနေနဲ့ လုံခြုံရေးစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး ဒေသခံတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“နိုဝင်ဘာ ၂၄ မနေ့ကပေါ့နော်။ မြို့ပတ်လမ်းက ဆိုင်ကယ်စီးလာတဲ့သူတွေကို တားပြီးစစ်ဆေးနေတာ ရှိတယ်။ မနေ့က နေ့လယ်လောက်မှာ အဲဒီလမ်းကို ဖြတ်သွားတဲ့ ဆံပင်အရောင်ဆ်ိုးထားတဲ့ ကောင်လေးသုံးယောက်ကို ကားပေါ်တင်ခေါ်သွားတယ်။ သူတို့စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကိုတောင် တခါထဲမယူသွားနိုင်လို့ ကားပြန်ခေါ်ပြီး သူတို့သယ်သွားကြတယ်”

ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ နာမည်နဲ့အချက်အလက်အပြင် ဘယ်ကိုခေါ်ဆောင် သွားတယ်ဆိုတဲ့ အသေးစိတ်အခြေအနေကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

ဒါ့အပြင် စစ်အုပ်စုတပ်က မုံရွာမြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲကျင်းပတဲ့ ကာလတွေမှာသာ လုံခြုံရေးတင်းကြပ်တာတွေသာ လုပ်ဆောင်လေ့ရှိပြီး ကျန်တဲ့ကာလတွေမှာ ကင်းလှည့်လုပ်ဆောင်တာတွေ နည်းပါးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ အလစ်အငိုက် တိုက်ခိုက်တာကို ခံရတာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတာလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button