မန္တလေးသတင်း

မန္တလေးမှာ ငလျင်အပြီး အိမ်ခြံမြေ ရောင်းလိုသူ များပေမယ့် ဝယ်သူနည်း၊

စစ်အုပ်စုက အခွန်ပိုကောက်ဖို့ မြေကွက် ရာဖြတ်တန်ဘိုးတွေ တိုးမြှင့်သတ်မှတ်၊

ဇော်မောင်/MFP၊ နိုဝင်ဘာ – ၂၅

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် မန္တလေးမြို့မှာ အိမ်၊ ခြံ၊ မြေ အရောင်းတွေဟာ ငလျင်ကြီး မဖြစ်ပွားခင်ကထက် ပိုမိုများပြားလာခဲ့ပေမယ့် အဝယ်ကတော့ စိတ်ဝင်စားသူ နည်းပါးတယ်လို့ မန္တလေးမြို့ရှိ အိမ်၊ခြံ၊မြေ အကျိုးဆောင်အချို့က MFP ကို ပြောပါတယ်။

မန္တလေးမြို့တွင်းဧရိယာရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံတွေကို ဖြိုချလိုက်ပြီးတဲ့နောက်  ‌ထွက်ပေါ်လာတဲ့ မြေကွက်တွေရှိသလို  အဆောက်အဦး မရှိသေးတဲ့ အကွက်အလွတ်တွေကိုပါ အရောင်းတင်လာကြတာြ ဖစ်တယ်လို့  ဝါရင့် အိမ်၊ခြံ၊မြေ အကျိုးဆောင်တစ်‌ဦး က ပြောပါတယ်။

“မြို့ထဲကမြေဈေးက ဈေး‌အော်တာ များတာလည်း ပါတယ်။ ငွေကြေးဖောင်းပွနေတော့ ဈေးခေါ်ကတည်းက တင်ခေါ်ထားကြတာပေါ့၊ ဝယ်ရောင်းနဲ့ ရင်းနှီးမြုပ်နှံလိုသူတွေက မြို့သစ်ဘက် ပိုကြိုက်ကြတယ်၊ နေမယ့်သူကျတော့လည်း  ဘေးက အထပ်မြင့် အ‌ဆောက်အဦးတွေ ရှိနေရင် မဝယ်ချင်ကြတော့ဘဲ မြို့သစ်ဘက်ကို ရွေးချယ်လာကြတယ်။ ငလျင်ရဲ့ နောက်ဆက်တွဲ အကြောက်တရားပေါ့” လို့ သူက ဆိုပါတယ်။

မြိုတွင်းဧရိယာမှာရှိတဲ့ မြေကွက်တွေကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက အဓိက စိတ်ဝင်စားကြတာ ဖြစ်ပြီး မြို့သစ်ဘက်မှာရှိတဲ့ မြေကွက်တွေကိုတော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက စိတ်ဝင်စားကြတာလို့ ဆိုပါတယ်။

အိမ်၊ ခြံ၊ မြေ အကျိုုးဆောင်လုပ်ငန်းရဲ့ လူမှုကွန်ယက်မှာ စျေးနှုန်းဖော်ပြထားချက်အရ မန္တလေးမြို့တွင်းမှာ ပေ  ၄၀ × ပေ ၆၀ အကျယ် ရှိတဲ့ မြေကွက်တစ်ကွက်ရဲ့  တန်ဖိုးဟာ ကျပ်သိန်း‌ပေါင်း သုံးသောင်းအထက် ရှိပြီး  မြို့လယ်ပိုင်း၊ လမ်းမနီးပြီး အချက်အချာကျတဲ့ မြေကွက်တွေကတော့ ကျပ်သိန်းပေါင်း သိန်းဂဏန်းအထက်အထိ ‌ပေါက်ဈေး ရှိနေပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့်  မန္တလေးမှာ လူပေါင်း ၁,၆၀၀ ကျော် သေဆုံးပြီး ဘာသာ‌ရေးဆိုင်ရာ အဆောက်အအုံတွေအပါအဝင် အဆောက်အအုံပေါင်း ၂၂,၀၀၀ ပျက်စီးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ရဲ့ မြေအရောင်းအဝယ်အခြေအနေဟာ ရောင်းသူများပြီး ဝယ်သူ ရှားပါးတာလို့ ဆိုပါတယ်။

မန္တလေးမှာ မြေအရောင်းအဝယ် သိပ်မဖြစ်ပေမယ့် အာဏာသိမ်း စစ်အုပ်စုကတော့ အိမ်ခြံမြေ အခြေပစ္စည်း အရောသ်းအဝယ် လုပ်ငန်းတွေကနေ အခွန်ငွေ တိုးကောက်နိုင်ဖို့ ရာဖြတ်တန်ဘိုးတွေ တိုးမြှင့် သတ်မှတ်ထားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အိမ်ခြံမြေ ရာဖြတ်တန်ဘိုးသတ်မှတ်မှုဟာ ယခင် ၂၀၂၄-၂၀၂၅ နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့် တိုးမြှင့်သတ်မှတ်ထားပြီး အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အိမ်ခြံမြေအခြေပစ္စည်း ရာဖြတ်တန်ဘိုးတွေကို နှစ်စဉ်  ၂၀ရာခိုင်နှုန်းခန့် တိုးမြှင့်သတ်မှတ်လေ့ ရှိတယ်လို့ မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

ဒုတိယစီးပွားရေးမြို့တော်ဖြစ်တဲ့ မန္တလေးမှာ စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်နိုင်တာ မရှိသေးဘဲ နလံထူဖို့အတွက် အချိန်ယူရလိမ့်ဦးမယ်လို့ စီးပွားရေးလုပ်ငန်းရှင်နဲ့ ပညာရှင်တွေက သုံးသပ်ပါတယ်။

မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့် အဆောက်အအုံတစ်ခု/Photo – MFP

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button