မတ္တရာနယ် စစ်ရှုံးနယ်မြေတွေ ပြန်ရပြီးနောက် စစ်အုပ်စု စဉ့်ကူးနယ်ထဲ စတင်ဝင်ရောက်၊
စစ်အုပ်စုက စဉ့်ကူးထဲ စစ်ကြောင်းမထိုးခင် ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရ၊
ထင်လင်း/MFP၊ နိုဝင်ဘာ – ၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ တစ်နှစ်ကျော် လက်လွှတ်ထားရတဲ့ စစ်ရှုံးနယ်မြေတွေ၊ စစ်စခန်းတွေ အားလုံးနီးပါးကို စစ်အုပ်စုက ပြန်လည် သိမ်းယူထိမ်းချုပ်သွားပြီး နိုဝင်ဘာ ၂၆ရက်က စလို့ တချို့တဝက်က စဉ့်ကူးနယ်ထဲ စတင်ဝင်ရောက်လာတယ်လို့ မြေပြင်မှာရှိတဲ့ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်မှာရှိတဲ့ ပတ်လည်အင်းကျေးရွာကို စစ်အုပ်စုက နိုဝင်ဘာလ ၂၄ ရက်မှာ ပြန်လည် သိမ်းယူနိုင်တာကြောင့် မတ္တရာတနယ်လုံးကို စစ်အုပ်စု ပြန်ထိန်းချုပ်နိုင်သွားတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၆ရက်မှာ ပတ်လည်အင်းရွာကတဆင့် စစ်အုပ်စု အင်အား ၅၀ လောက် စဉ့်ကူးနယ်ထဲအထိ ဝင်ရောက်လာတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီနေ့ (နိုဝင်ဘာ၂၆) တိုက်ပွဲက မဖြစ်ဘူး၊ ပတ်လည်အင်းကနေ မြောက်ဘက်ကို ၅၀လောက် အလှုပ်တော့ပြတယ်၊ စကျင်ဘက်ကကောင်တွေကတော့ မြွေပုံကန်(အရှေ့ရွာ)ရောက်နေပြီ”
လက်ရှိမှာ စစ်အုပ်စုက မန္တလေး – မိုးကုတ်ကားလမ်း၊ ပတ်လည်အင်းရွာထဲမှာ အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်းနဲ့ မတ္တရာနယ် မြစ်ရိုးက စကျင်ရွာနဲ့ မြွေပုံကန်ရွာဘက်မှာ စစ်ကြောင်းတစ်ကြောင်း ရှိနေပြီး စဉ့်ကူးဘက်ကို ဆက်လက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်ဒေသ နောင်ချိုနယ်ကတဆင့် မတ္တရာနယ် အရှေ့ခြမ်း ဆည်တော်ကြီးစခန်းကို ပြန်သိမ်းယူနိုင်တဲ့ စစ်အုပ်စုနဲ့ မန္တလေး-မတ္တရာ ကားလမ်းကြောအတိုင်း ထိုးလာတဲ့ စစ်အုပ်စုတို့ နှစ်ဖွဲ့ပေါင်းကာ အင်အား ၄၀၀ လောက်နဲ့ ပတ်လည်အင်းရွာအီးထိ တိုးလာတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“အရှေ့ကကောင်နဲ့ အနောက်ကကောင် ပေါင်းပြီး ပတ်လည်အင်းဘက် ထိုးတာ၊ အားလုံးပါသွားပြီလို့ ပြောရမယ်၊ (မတ္တရာနယ်ထဲ တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ရွာ) တစ်ရွာနှစ်ရွာလောက်ပဲ ကျန်တာ”
စစ်အုပ်စုဟာ စဉ့်ကူးနယ်ကို ခြေမချနိုင်မီ လွန်ခဲ့တဲ့ ရက်တွေကတည်းက မန္တလေး – မိုးကုတ် ကားလမ်းတလျှောက်၊ မတ္တရာနဲ့ စဉ့်ကူးနယ် ကျေးရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်၊ လက်နက်ကြီး ထုနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
မတ္တရာနဲ့ စဉ့်ကုးနယ် ကျေးရွာတွေက စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
“မတ္တရာဘက်က လူတွေက စဉ့်ကူးဘက်ကိုလည်း ပြေးကြတယ်၊ စဉ့်ကူးထဲကတော့ ဒေသခံတွေက ပြေးတာ ကုန်သလောက်ရှိပြီ၊ မတတ်နိုင်လို့ မပြေးကြတဲ့သူတွေရယ်၊ စစ်ဘေးရှောင်တွေရယ်ပဲ ရှိတော့တယ်” လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။
မန္တလေး – မတ္တရာ ကားလမ်းကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သလို မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်စခန်းတွေ အပါအဝင် မတ္တရာနယ်က စစ်စခန်း ၃၀ ကျော်ကို တော်လှန်ရေးတပ်တွေက တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ပေမယ့် ငလျင်အပြီး စစ်အုပ်စုက လေကြောင်းအားကိုး၊ ဒရုန်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်ရာမှာ အခုလို မတ္တရာနယ်က သိမ်းပိုက်နယ်မြေတွေအားလုံး ပြန်လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ တရုတ်အားကိုးနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ရပ်တန့်စေပြီးနောက် မန္တလေးတိုင်းအတွင်းက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး လေကြောင်းအားကိုး၊ တရုတ်နဲ့ ရုရှားက ထောက်ပံ့ထားတဲ့ ဒရုန်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စဉ့်ကူးနယ်ကို ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ စဉ့်ကူးနယ်ထဲ တစ်နှစ်ကျော်ကြာ ခြေမချနိုင်ခဲ့ဘဲ လက်ရှိမှာတော့ လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ စဉ့်ကူးနယ်ထဲ ပြန်လည် ခြေချလာနိုင်တာလို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
မတ္တရာနဲ့ စဉ့်ကူးနယ်အစပ် ကျေးရွာတွေက စစ်ရှောင်ပြည်သူတွေ /Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #မတ္တရာ



