ဇော်မောင်/MFP၊ နိုဝင်ဘာ – ၂၉
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ယခုရက်ပိုင်းအတွင်း မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုနဲ့ ပျူစောထီးတွေက ယူနီဖောင်းတွေ ဝတ်ဆင်ကာ အိမ်စီးကားတွေနဲ့ ညအချိန် ပေါ်တာလိုက်ဆွဲကာ စစ်သားသစ် စုဆောင်းနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်း ရပ်ကွက်လမ်းထိပ်မှာ ထိုင်နေတဲ့ အမျိုးသားသုံးဦးကို စစ်အုပ်စုနဲ့ပျူတွေက အိမ်စီးကားပေါ် ဆွဲတင်သွာသလို နိုဝင်ဘာ ၂၅ ရက်ကလည်း စိန်ပန်းရပ်ကွက်ထဲ ဘီယာဝယ်ပြီး ပြန်လာတဲ့ အမျိုးသားတစ်ဦးကို စစ်အုပ်စုနဲ့ ပျူတွေက ကားပေါ်ဆွဲတင်ကာ ပေါ်တာဆွဲသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယခုရက်သတ္တပတ်အတွင်းမှာပဲ မန္တလေးမြို့၊ ၃၅ လမ်းရှိ ဘီယာဆိုင်တစ်ဆိုင်က ပြန်လာတဲ့ လူငယ်အချို့ကို ည ၈ နာရီခွဲ ဝန်းကျင်အချိန် စစ်အုပ်စုနဲ့ပျူတွေက ကားပေါ်ဆွဲတင်သွားတာ မြင်တွေ့ခဲ့ရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုဟာက ဒီကောင်တွေ (စစ်အုပ်စုနဲ့ပျူစောထီး)က ကားနဲ့ပတ်နေတာ၊ လိုက်ထရပ်ကုမ္ပဏီကားလို ဘေးက သံဇကာတွေ ပါတယ်၊ လကုန်ခါနီးလို့ စစ်မှုထမ်းအတွက် ပေးရမှာ လူလိုနေလို့ ဖြစ်မယ်” လို့ အထက်ပါ မြို့ခံက ဆိုပါတယ်။
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ ညဦးပိုင်းအချိန်တွေမှာပဲ စစ်အုပ်စုက ရပ်ကွက်တွေထဲ အိမ်စီးကားနဲ့လှည့်ကာ ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်နေပြီး ငွေမပေးနိုင်သူတွေကို ပေါ်တာဆွဲ စစ်သားသစ် စုနေတာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ သုံးလေးရက်လောက်ပဲ ရှိဦးမယ်၊ ညပိုင်း ဗိုက်ဆာလို့ ထမင်းကြော် ထွက်ဝယ်တာ ဖမ်းဖို့လား၊ စစ်တာလား၊ ဘာလားတော့ မသိပါဘူး၊ တည့်တည့်ကို တိုးတာ၊ ကံကောင်းတော့ အဲဒီထဲက တစ်ယောက်နဲ့ မျက်မှန်းတန်းမိနေလို့ ဘာမှ မစစ်ဘဲ ပြန်လွှတ်ပေးလိုက်တယ်၊ ည ၈ ခွဲ၊ ၉ နာရီလောက် ရှိဦးမယ်၊ သူတို့ စစ်ခွေးခေတ်ပဲဆိုတော့ ငွေကို ပုံစံအမျိုးမျိုးနဲ့ ရှာနေကြတာလေ” လို့ မြို့ခံတစ်ဦးကလည်း ပြောပါတယ်။
စစ်အုပ်စုရဲ့ ဖမ်းဆီးငွေညှစ်၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေကြောင့် ညပိုင်းအချိန် မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်စီး သွားလာသူ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။
၂၀၂၄ မတ်လက စလို့ စစ်အုပ်စုက နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး စုဆောင်း၊ ဖမ်းဆီးရရှိလာသူတွေကို ရက်တို စစ်သင်တန်းပေးကာ နိုင်ငံတဝန်းက တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆီ အသေခံ စစ်သားအဖြစ် ပို့လွှတ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်အုပ်စုက အပတ်စဉ် ၂၀ စစ်သင်တန်းဖွင့်နိုင်ဖို့ လူစုနေတာလည်း ဖြစ်ပါတာယ်။
မန္တလေးမြို့မှာတော့ အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ ယခုရက်ပိုင်း စစ်အုပ်စုက အရှိန်မြှင့်ကာ စစ်သားသစ် စုဆောင်းနေတာဖြစ်ပြီး မြို့ပေါ်မှာ အိမ်စီးကားတွေနဲ့ ပတ်ကာ ပေါ်တာဆွဲသလို ရပ်ကွက်အလိုက် မဲနှိုက်ခိုင်းပြီး စစ်သားသစ် စုဆောင်းတာတွေလည်း လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက စစ်သားသစ် စတင်စုဆောင်းတဲ့ ၂၀၂၄ မတ်လကနေ ၂၀၂၅ ဇူလိုင်လအထိ တစ်နှစ်ကျော်အတွင်း နိုင်ငံတဝှမ်းက လူငယ်၊လူရွယ် ၇၀,၀၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းခဲ့ပြီး စစ်မြေပြင် ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ဇူလိုင် ၂၁ရက်မှာ ထုတ်ပြန်ထားပါတယ်။
မန္တလေးမှာ ရပ်ကွက်ထဲ မိုက်နဲ့လိုက်အော်ပြီး စစ်သားသစ် စုဆောင်းနေတဲ့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ လက်နက်ကိုင်တွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



