စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်း – ရွှေဘိုလမ်းက ရွာတွေမှာ အမျိုးသမီးတွေ အပါအဝင် စစ်အုပ်စု သတ်ဖြတ် စွန့်ပစ်ထားတဲ့ အလောင်း ၁၀ လောင်း တွေ့ရှိ၊

ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ရေး စစ်အုပ်စုက ဝက်လက်နယ်ထဲ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲ ရှုံးတိုင်း ပြည်သူကို ပိုမို သတ်ဖြတ်ပြ၊

ကိုသူ/MFP၊ နိုဝင်ဘာ – ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်၊ ဆားတောင်မြို့အနီး၊ ချောင်းအတွင်း စွန့်ပစ်ထားတဲ့ အလောင်းတွေ အပါအဝင် စစ်ကိုင်း – ရွှေဘို ကားလမ်းတလျှောက် ကျေးရွာတွေမှာ ယခု နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ထားတဲ့ အလောင်း ၁၀ လောင်း တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက် မနေ့က စစ်ကိုင်းနဲ့ ဝက်လက်နယ်အစပ်၊ ဆားတောင်မြို့အဝင် ဆိုင်းဘုတ်အနီး၊ စစ်ကိုင်း – ရွှေဘို ကားလမ်းပေါ်က သိမ်ချောင်းတံတားအောက်မှာ စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ထားတဲ့ အလောင်း ငါးလောင်းကို တွေ့ခဲ့ရသလို လှတော၊ ရွာတော်ကုန်းနဲ့ တမာကုန်းရွာတွေမှာလည်း အလောင်းတွေ့ တွေ့ရပြီး စုစုပေါင်း အလောင်း ၁၀ လောင်းအထိ ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ထားခဲ့တဲ့ အလောင်း ၁၀ လောင်း အနက် အမျိုးသမီး နှစ်ဦး ပါဝင်ပြီး သေဆုံးသူတွေဟာ ရွာတော်ကုန်းကျေးရွာက အမျိုးသမီးတစ်ဦး၊ တမာကုန်းကျေးရွာက အမျိူးသမီး တစ်ဦး၊ လှတောကျေးရွာက အမျိုးသားနှစ်ဦးနဲ့ အထက်ပါ ဆားတောင်မြို့အဝင် ချောင်းထဲ စွန့်ပစ်ထားခဲ့တဲ့ အမျိုးသား ငါးဦးနဲ့ ရွာအမည် မသိရသေးတဲ့ နောက်ထပ် အမျိုးသား တစ်ဦး၊ စုစုပေါင်း ၁၀ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က ဆားတောင်မြို့အနီး သတ်ဖြတ်စွန့်ပစ်ခံခဲ့ရသူတွေဟာ ဘယ်သူဘယ်ဝါ အတိအကျ မသိရသေးဘဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရပြီးနောက် ဆားတောင်မြို့အဝင်မှာ သေနတ်နဲ့ ပစ်သတ်ကာ အလောင်းတွေကို တံတားအောက် ကန်ချထားခဲ့တာ ဖြစ်မယ်လို့ ဝက်လက်ဒေသခံ တော်လှန်ရေးအင်အားစုက အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

“တံတားအောက် ချောင်းထဲမှာ အမျိုးသား ငါးလောင်း တွေ့တာ။ ဆားတောင်မြို့အဝင် ဆိုင်းဘုတ်နားလေးပဲ၊ သေနတ်နဲ့ ပစ်သတ်ထားခဲ့တာ”

အတုအယောင် ရွေးကောက်ပွဲမတိုင်မီ နယ်မြေစိုးမိုးနိုင်ရေးအတွက် ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပြီး တွေ့သမျှပြည်သူကို ဖမ်းဆီးကာ ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချပြီးနောက် တချို့ကို သတ်ဖြတ်စွန့်ပစ်ခြင်း ဖြစ်ကာ သေဆုံးသူတွေမှာ သေနတ်ဒဏ်ရာ၊ ရိုက်နှက် ညှင်းပန်း ဒဏ်ရာတွေ တွေ့ရတယ်လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်း – ရွှေဘိုကားလမ်းနဲ့ ဝက်လက်နယ်ကို စိုးမိုးထိန်းချုပ်နိုင်ရေး အင်အား ၁၀၀၀ လောက်၊ အဖွဲ့လေးဖွဲ့ထက်မနည်း ဖြန့်ခွဲကာ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက်မှာ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်း တစ်ကြောင်း၊ ဝက်လက်နယ် အနောက်ခြမ်း၊ မူးမြစ်ရိုးတလျှောက်မှာ အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်း တစ်ကြောင်း၊ စစ်ကိုင်း – ရွှေဘို ကားလမ်းတလျှောက် အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ဝက်လက်မြို့အနီးဝန်းကျင် ရွာတွေကို စစ်ကြောင်းတစ်ကြောင်း၊ ဖြန့်ခွဲကာ စစ်ကြောင်းထိုး လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ အောက်တိုဘာကနေ ယခု နိုဝင်ဘာလကုန်ပိုင်းအထိ တစ်လကျော်အတွင်း ဝက်လက်နယ်က ကျေးရွာ ၂၀ ကျော်ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သလို တွေ့သမျှပြည်သူကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ ညှဉ်းပန်းသတ်ဖြတ်နေလို့ ကျေးရွာ ၄၀ ကျော်က ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုလက်ထဲ ဓားစာခံ လူစားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရသူတွေလည်း အများအပြား ရှိပြီး နိုဝင်ဘာလ ၃ ရက်က ဝက်လက်နယ် မောက္ကဒီးကျေးရွာကို စစ်အုပ်စု စီးနင်းချိန် ဒေသခံ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက အမျိုးသား ၃၀ ကျော်ကို အသေခံ စစ်သားအဖြစ် အသုံးချဖို့ စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လတ်တလော တွေ့ရှိရတဲ့ အလောင်းတွေဟာ လမ်းဘေးလူမြင်ကွင်းမှာ စွန့်ပစ်ထားခဲ့တဲ့ အလောင်းတွေသာ ဖြစ်ပြီး ကျေးရွာတွေအတွင်း သတ်ဖြတ်စွန့်ပစ်ခဲ့သူတွေ ရှိ၊မရှိ အတိအကျ မသိနိုင်သေးဘူးလို့ ဝက်လက်မြို့ခံ တစ်ဦးက ပြောပါတယ်။

“အလောင်းတွေက နောက်ထပ် ရှိမလားတော့ မသိရဘူး။ ပျောက်နေသူတွေလည်း ရှိသေးတယ်။ အခုထိ အဆက်သွယ် မရကြသေးဘူး”

ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ မင်းအောင်လှိုင် သစ္စာခံ ဗိုလ်ကြီးအဆင့် ဆန်းညွန့်ထွန်း ဦးဆောင်တဲ့ စစ်ကိုင်းမြို့ အမှတ် – ၃၃ ခြေမြန်တပ်မ ဌာနချုပ် (တပ်မ ၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၁၁) ၊ ခြေလျင်တပ်ရင်း (ခလရ-၄၂)နဲ့ ပျူစောထီး ပူးပေါင်းထားတဲ့ အင်အား ၁၂၀ ပါ စစ်ကြောင်းကို နိုဝင်ဘာ ၂၃ရက်က စစ်ကိုင်း -ရွှေဘိုလမ်း၊ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့အနီး၊ ပုဏ္ဏားကျေးရွာကို မီးရှို့နေချိန် တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စုနဲ့ပျူစောထီး ၃၅ ယောက်ကို သုတ်သင်နိုင်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရှိတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့နယ်မှာ ကျေးရွာ ၁၇၀ ကျော် ရှိပြီး စစ်အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့လို့ အိုးမဲ့အိမ်မဲ့ ဖြစ်သူ ၅၀၀၀ ကျော် ရှိကာ နေထိုင်စရာ မရှိတော့လို့ အမြဲတမ်း စစ်ဘေးရှောင်နေရသူ ၅၀,၀၀၀ ကျော် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ဝက်လက်နယ်ထဲ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေနဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေ/Photo – ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button