တကောင်းမြို့မှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲသတ်၊
ပြည်သူ လေးဦး သေဆုံးကာ ကလေးသူငယ်တွေ အပါအဝင် ဒဏ်ရာရသူ အများအပြား ရှိ၊
အခရာ/MFP၊ ဒီဇင်ဘာ – ၁
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို မနေ့က ညဦးပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲသတ်ဖြတ်တာကြောင့် မြို့ခံပြည်သူ လေးဦး ထက်မနည်း သေဆုံးကာ ကလေးသူငယ်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မန္တလေးမြို့၊ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ နိုဝင်ဘာ ၃၀ ရက် ည ၈နာရီခွဲဝန်းကျင်မှာ တကောင်းမြို့ပေါ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး သုံးကြိမ် ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
“ဘာတိုက်ပွဲမှ မရှိပါဘူး၊ ဒီအတိုင်းလာကြဲတာ” လို့ ဒေသခံတစ်ဦး ပြောပါတယ်။
ဗုံးထိမှန်လို့ ဒေသခံပြည်သူ လေးဦးထက်မနည်း သေဆုံးပြီး ကလေးသူငယ်တွေ အပါအဝင် ဒဏ်ရာရသူ အများအပြားရှိကာ အရေအတွက် အတိအကျကို စိစစ်နေဆဲလို့ ဆိုပါတယ်
တကောင်းမြို့ဟာ မန္တလေး – သပိတ်ကျင်း – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းပေါ်နဲ့ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့မြို့ ဖြစ်ပါတယ်။
လက်ရှိမှာ အာဏာသိမ်း စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်အားကိုးနဲ့ မန္တလေးတိုင်းထဲက စစ်ရှုးထားတဲ့ မြို့၊ရွာတွေ ပြန်ရဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်တောင်ဘက်ခြမ်း မန္တလေး-မိုးကုတ် ကားလမ်းပေါ်က ဇရပ်ကွင်းကျေးရွာ အနီးတဝိုက်မှာတော့ ပြီးခဲ့တဲ့လကတည်းက စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေပြီး ခုနစ်မိုင်ရွာ အခြေစိုက် စစ်အုပ်စုရဲ့ စခတ (၂) ခေါ် အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်ထဲ တစ်နှစ်ကျော်ကြာ ခိုအောင်းနေတဲ့ စစ်အုပ်စုက ဖောက်ထွက်လာလို့ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးရှိ တတက(၁၃) ခေါ် အမှတ် ၁၃ စစ်တန်းမြင့်လေ့ကျင့်ရေးကျောင်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကလည်း ဖောက်ထွက်ဖို့ ကြိုးစားနေပြီး တော်လှန်ရေးတပ်တွေနဲ့ နှစ်ဘက်ပစ်ခတ်မှုတချို့ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေး-မတ္တရာလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကတော့ လေကြောင်းပစ်ကူ၊ ဒရုန်းပစ်ကူနဲ့ မတ္တရာနယ်ထဲက စစ်ရှုံးနယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ကာ လက်ရှိမှာ မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်ထိ ရောက်လာတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေး – သပိတ်ကျင်း – ထီးချိုင့်လမ်းတလျှောက် စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ထဲက စစ်ရှုံးလို့ တစ်နှစ်ကျော်ကြာ လက်လွှတ်ထားရတဲ့ မြို့၊ရွာတွေကို နှစ်ဖက်ညှပ်ပြီး ပြန်သိမ်းဖို့ ကြိုးစားနေကာ ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ် ကျေးရွာတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာနယ်က ကျေးရွာတွေ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်း၊ ဘုန်းကြီးကျောင်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံအရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
MFP က ရရှိထားတဲ့ အချက်အလက်တွေအရ နိုဝင်ဘာ ၇ ရက် မနက်ပိုင်း မတ္တရာနယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ စာသင်ကျောင်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာလ ၁၂ရက်ကလည်း စဉ့်ကူးမြို့နယ်၊ မာလဲတောကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်လို့ စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ငါးဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၂ရက်ကလည်း နတ်ကြီးစင်ရွာ စာသင်ကျောင်းကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ လေးဦး သေဆုံးသလို နိုဝင်ဘာ ၂၇ရက်မှာလည်း စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ဓမ္မာရုံထဲမှာ ရှိနေတဲ့ ဥပုသ်သည်နဲ့ စစ်ဘေးရှောင်ပြည်သူတွေ ငါးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ရက် ညဦးပိုင်းက သပိတ်ကျင်းနယ် တကောင်းမြို့ကို စစ်အုပ်စုက တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #မတ္တရာ



