ဇော်မောင်/MFP၊ ဒီဇင်ဘာ – ၂
အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုက သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ မဖြစ်မနေ မဲပေးဖို့ ခြိမ်းခြောက်ဖိအားပေး ခိုင်းစေနေတယ်လို့ မန္တလေးမြို့ခံ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။
စစ်အုပ်စုခန့် မန္တလေးတိုင်း ဝန်ကြီးချုပ် အမိန့်နဲ့ မန္တလေးတိုင်းက Non CDM ဝန်ထမ်းတွေ မဖြစ်မနေ မဲပေးကြဖို့နဲ့ မဲမပေးသူတွေကို CDM အဖြစ် သတ်မှတ်ကာ အရေယူမယ့်အကြောင်း လွန်ခဲ့တဲ့ လအတွင်းက ဌာနတွင်း ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ယခု ထပ်မံကာ Non CDM ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ မဲပေးဖို့အတွက် မဲစာရင်းပါ၊မပါ မဖြစ်မနေ စိစစ်ပြီး ဌာနတာဝန်ရှိသူထံ ပြန်လည် တင်ပြဖို့ ညွှန်ကြားစာ ထုတ်ထားတယ်လို့ ဆိုပါတယ်။
Non CDM ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေ မဲစာရင်းပါ၊မပါ စစ်ဆေးဖို့၊ မဲစာရင်းမပါရင် မဲစာရင်းပါအောင် လျှောက်ထားဖို့နဲ့ မှတ်ပုံတင်ပျောက်နေတဲ့ ဝန်ထမ်းတွေကိုလည်း ရွေးကောက်ပွဲအမီ မှတ်ပုံတင် လျှောက်ထားရယူဖို့ စစ်အုပ်စုက ဌာနတွင်း အမိန့်ပေးခိုင်းစေချက်စာတွေ ထုတ်ပြန်ထားတာ ဖြစ်ပြီး အဲ့ဒီ ခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ပြီးကြောင်း နိုဝင်ဘာ ၁၁ရက် နောက်ဆုံးထားကာ အကြောင်းပြန်ခိုင်းထားတယ်လို့ မန္တလေးမြို့ခံ Nom CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်၊ ဘာတွေမှန်း မသိတော့ဘူး၊ အမှန်က ငါတို့လဲ မဲသွားမပေးချင်ဘူး၊ အခုဟာက ကိုယ့်ကို ခြိမ်းခြောက်ပြီး မိသားစုတွေပါ မဲစာရင်းပါ၊မပါ စစ်ရမယ်တို့၊ မဲပေးခိုင်းတာတို့ကို ဇွတ်လုပ်နေတာ၊ အခုလဲ မှတ်ပုံတင် မရှိလို့ အကြောင်းပြပြီး မဲသွားမပေးမှာစိုးတော့ ညွှန်ကြားချက်တွေ အသစ် အထပ်ထပ် ထုတ်ပြန်နေတာ”
တချိန်တည်းမှာပဲ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ စစ်အုပ်စုရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက ရွေးကောက်ပွဲ မဲပေးကြဖို့ ရပ်ကွက်တွေထဲ လိုက်လံခြိမ်းခြောက် ဖိအားပေး နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မဲစာရင်း ပါ၊မပါ လာကြည့်ကြဖို့ စစ်အုပ်စုနဲ့ ပျူတွေက ရပ်ကွက်ထဲ မိုက်နဲ့အော်နေသလို တချို့ မိသားစုတွေကို မဲစာရင်း စစ်ပြီး၊မပြီး မေးမြန်းတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပမယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားပြီး မန္တလေးတိုင်းအတွင်းက အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မေမြို့၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ ညောင်ဦးတွေမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ရှိ အလုပ်ရုံတစ်ခုက ပုဂ္ဂလိက ဝန်ထမ်းတွေကို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေး ပါတီက မဲဆွယ်စည်းရုံးနေစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



