သတင်း

တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုက ပြည်သူ ၁၀ ဦးကို ဖမ်းဆီး၊

မောင်သက်/MFP၊ ဒီဇင်ဘာ – ၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်၊ ကြေးနီတူးနေတဲ့ တရုတ်တွေကို ဂိတ်စောင့်လုံခြုံရေး ယူပေးနေရတဲ့ စစ်အုပ်စုက နိုဝင်ဘာ ၂၆ရက် ညပိုင်းမှာ ကျေးရွာတွေကို စီးနင်းပြီး ရွာခံ ပြည်သူ ၁၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ ၂၆ရက် ညသန်းခေါင်အချိန် တရုတ်ကြေးနီစက်ရုံထဲကနေ တိတ်တဆိတ် ထွက်လာတဲ့ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက တရုတ်ကြေးနီစက်ရုံနဲ့ ဆားလင်းကြီးမြို့ကြား၊ ရေခါးကျေးရွာကို အလစ်အငိုက်ချောင်း စီးနင်းပြီးနောက် ရွာခံအမျိုးသား ၁၀ဦးကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

“ညအိပ်ပျော်နေချိန်ဆိုတော့ စစ်ကြောင်းဝင်တာ မသိကြဘူး။ လူငယ်၊လူလတ်ပိုင်း ၁၀ယောက် အဖမ်းခံရတယ်၊ နောက်မနက် ဆားလင်းကြီးကနေ ငါးယောက် ပြန်လွတ်လာတယ်”လို့ ဒေသခံတစ်ဦးက MFP ကိုပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ အင်အား ၁၀၀ ကျော် ပါရှိပြီး ဆားလင်းကြီးမြို့ပေါ် ငါးရက်ကြာပြီးနောက် နိုဝင်ဘာ ၃၀ရက်မှာ တရုတ်ကြေးနီစက်ရုံထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စု ဆားလင်းကြီးကနေ တရုတ်ကြေးနီစက်ရုံညက် ပြန်ဝင်လာချိန် ရေခါးရွာအနီးမှာ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး အထက်ပါ ဖမ်းဆီးခံရသူတွေထဲက လူငယ်တစ်ဦး ထပ်မံ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့အချိန် ထွက်ပြေးလာလို့ တယောက် လွတ်လာတယ်။ လေးယောက်ကတော့ အခုထိ မလွတ်သေးဘူး”

နိုဝင်ဘာ ၃၀ရက် ညဦးပိုင်းက ရေခါးရွာအနီး တိုက်ပွဲဖြစ်ချိန် တရုတ်ကြေးနီစက်ရုံထဲကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်သလို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေလည်း ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ လာရောက်ကာ ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မုံရွာမြို့ အိုရှင်းစင်တာထဲမှာ တပ်ဆင်ထားတဲ့ လက်နက်ကြီးနဲ့ မုံရွာမြို့အဝင် မအူဂိတ်မှာ တပ်ဆင်ထားတဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ဆားလင်းကြီးဘက် ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်စက်ရုံထဲကနေ အနီးဝန်းကျင်ကျေးရွာတွေကို ညလုံးပေါက် လက်နက်ကြီးနဲ့ ဆက်လက် ပစ်ခတ်သလို ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းအထိ ဆက်လက်ပစ်ခတ်လို့ တရုတ်ကြေးနီစက်ရုံအနီးက ဘင်းဂါးရွာထဲ လက်နက်ကြီးကျည် ၁၀လုံး ကျရောက်ပေါက်ကွဲကာ နှစ်လုံးက ကျေးရွာအတွင်း နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး ကျန်ရှစ်လုံးက ရွာအပြင် တောစပ်ကို ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စု ရန်ကြောင့် တရုတ်ကြေးနီစက်ရုံ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးကင်းမယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေး တိမ်းရှောင်နေရကာ စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဆားလင်းကြီးနယ် တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုက နိုဝင်ဘာ ၃၀ရက် ညပိုင်း အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းဖမ်းဆီး၊ လက်နက်ကြီး ထုလို့ ပြည်သူတွေ ထွက်ပြေးနေရစဉ်/Photo – မုံရွာရပ်ကွက်ကင်းထောက်များ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button