မိုးမိတ်နဲ့မဘိမ်းကို စစ်အုပ်စုလေကြောင်းကနေ ဗုံးကြဲတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိ
မှူးအိန်ဂျယ်လ်/MFP၊ ဒီဇင်ဘာ – ၆
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်ခရိုင်မှာရှီတဲ့ မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာနဲ့ မဘိမ်းမြို့နယ်တို့ကို စစ်အုပ်စုတပ်က ဒီဇင်ဘာ ၆ရက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးဆယ်လုံးထက်မနည်း ဆက်တိုက်ကြဲချခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာကို ဗုံးခြောက်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို မဘိမ်းမြို့နယ်ကိုတော့ ဗုံးလေးလုံးထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“ ဒီမနက် မြစ်ဆုံဘက်ကို ဗုံး ခြောက်လုံးလောကါကြဲတယ်။ မြစ်ဆုံထဲက ဆီဆိုင်နောက်ကျောဘက်ထိတယ်။ပြည်သူတွေ ထိတယ်လို့တော့မကြားသေးဘူး။ဒါပေမယ့် မိုးမိတ်နဲ့ မဘိမ်းအစပ်က နမ်းပန်းဘက်ကျလို့ ပြည်သူတွေ ထိထားပြီး သေတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့ မြစ်ဆုံရွှေလီတံတားဘက်နဲ့ ဟိုဘက် အဖွဲ့ရှိနေတဲ့ နေရာတွေ ရှင်းနေတာလို့ တော့ကြားရပါတယ် “လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးမိတ်မြို့နယ်ကို စစ်အုပ်စု သိမ်းပိုက်ထိန်းချုပ်ပြီး ခုနစ်ရက်အကြာမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်သလို ဒီဇင်ဘာလ ၅ ရက်ကစတင်ပြီး မြို့အဝင် ခရေပင်တန်းလမ်း၊ ဟော်နန်းစျေးသစ်၊ လက်ခုပ်ပင်၊ တောင်ကိုင်း၊ ဒိုးပင်စတဲ့နေရာတွေမှာ စျေးဆိုင်တချို့ပြန်ဖွင့်နေကြပြီး လူသွားလူလာတွေ ပြန်ရှိလာချိန်မှာ ဗုံးကြဲခံရတာ ဖြစ်ပါတယ်။
ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မဘိမ်းမြို့နယ် ဗုံးကြဲခံရမှုမှာ ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေကို သိရဖို့ MFPအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်က အင်အား ၅၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မိုးကုတ်ကနေတဆင့် မိုးမိတ်မြို့ကို ဝင်ရောက် ထိန်းချုပ်ပြီးနောက် မြို့ခံတွေကို နေအိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ ဖိအားပေးခေါ်ယူနေပေမယ့်ဒီဇင်ဘာလ ၇ ရက်ဒီနေ့အထိ ပြန်လည်ဝင်ရောက် နေထိုင်တာမျိုး မရှိသေးပါဘူး။
လက်ရှိမှာတော့ မိုးမိတ်မြို့ပေါ်ကို ဖုန်းနဲ့အင်တာက်နက်လိုင်းတွေ ဖြတ်တောက်ထားပြီး အင်အားင်းရာနီးပါးရှိတဲ့ စစ်အုပ်စုတပ်တပ်သားတွေက မိုးမိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေနဲ့ နေအိမ်တချို့မှာ တပ်စွဲနေကြထိုင် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ မိုးမိတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးလအကြာ ဇွန်လမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
မဘိမ်းမြို့နယ်ကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



