စစ်ရှုံးထားတဲ့ ဖလမ်းမြို့ ပြန်ရရေး စစ်အုပ်စုက နှစ်ဖက်ညှပ် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲ ပြင်းထန်၊
ဖလမ်းမြို့နဲ့ ၁၀မိုင်ကျော် အကွာ တိုက်ပွဲမှာ စစ်အုပ်စု အလောင်းနဲ့ လက်နက် ရ၊
ရွှေဥ/MFP၊ ဒီဇင်ဘာ – ၇
ချင်းပြည်ရှိ စစ်ရှုံးထားတဲ့ ဖလမ်းမြို့ကို ပြန်ရရေး အာဏာသိမ်း စစ်အုပ်စုက နှစ်ဖက်ညှပ်ကာ စစ်ကြောင်းထိုးလာပြီး ချင်းတော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ချင်းညီနောင် (CB) စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ စစ်ရှုံးထားတဲ့ ချင်းတောင်ပေါ် ပြန်လည် ခြေချနိုင်ဖို့ အောက်တိုဘာ၂၉ရက်က စတင်ကာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကတဆင့် ကလေး – နတ်ချောင်း- ဝေဘူလမြို့လမ်းကနေ စစ်ကြောင်း တစ်ကြောင်း၊ ကလေး -တီးတိန်-ဖလမ်း လမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတန်မြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ သုံးဖွဲ့ကာ ဖလမ်းမြို့ဆီ ဦးတည် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
လက်ရှိမှာ ကလေး -တီးတိန်-ဖလမ်းလမ်းမကြီးအတိုင်း ဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ တီးတိန် မြို့ပေါ်ကနေ လာတဲ့ စစ်ကြောင်းတို့ ပူးပေါင်းသွားပြီး အဲ့ဒီ စစ်ကြောင်းဟာ ဖလမ်းမြို့နဲ့ မိုင်၅၀ကျော်အကွာ ဘွာလ်ခွား (Bualkhua)ကျေးရွာအနီး ရောက်ရှိလာသလို ဝေဘူလမြို့ကနေ ထိုးလာတဲ့ စစ်ကြောင်းဟာလည်း ဖလမ်းမြို့နဲ့ ၁၀မိုင် အကျော်မှာ ရှိတဲ့ သွာလ်ဇဲ့ (Tualzeh) ကျေးရွာ အနီး ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖလမ်းမြို့ဘက် ဦးတည်လာတဲ့ စစ်အုပ်စု စစ်ကြောင်းနှစ်ကြောင်းကို ချင်းတော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင်တွေနဲ့ ချင်းအမျိုးသားတပ်ဦး (CNA /CNF) မဟာမိတ် တပ်ဖွဲ့ဝင်တွေက ခုခံ တိုက်ခိုက်နေတာလို့ ချင်းညီနောင် စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကလေးကထိုးတဲ့ စစ်ကြောင်းက တီးတိန်က ဆင်းလာတဲ့ စစ်ကြောင်းနဲ့ ပေါင်းပြီး သိုင်းကနေ ဖလမ်းဘက်ကို ဦးတည် ထိုးတာ၊ ဘွာလ်ခွား (Bualkhua)ရွာနား ရောက်လာပြီ၊ တီးတိန်ဘက်မှာတော့ CNA (ချင်းအမျိုးသားတပ်ဦး)တို့ CDM-SIYIN အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တာ ရှိတယ်။ PDF- Zoland အဖွဲက တိုက်တာလည်း ရှိတယ်။ ကနေဒီ တောင်ကုန်းတို့၊ သိုင်းငင်းတို့မှာတော့ စစ်တပ်က မရှိတော့ဘူး။ မြို့ ပေါ်မှာပဲ ရှိတော့တယ်”
ကလေးနဲ့ တီးတိန်မြို့ဘက်ကနေ ပူပေါင်းလာတဲ့ စစ်ကြောင်းဟာ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးရာမှာ မိုင် ၉၀ကျော် အကွာအဝေးမှာ ရှိတဲ့ ကလေး- တီးတိန် -ဖလမ်း လမ်းမကြီးအတိုင်း ဝင်ရောက်လာတာ မဟုတ်ဘဲ တောတိုးကာ ဖြတ်လမ်းက ဝင်လာတာ ဖြစ်ပြီး ကလေး- တီးတိန် -ဖလမ်း လမ်းထက်ဝက်မှာ ရှိတဲ့ ဖလမ်းမြို့နယ် ဘွာလ်ခွား (Bualkhua)ရွာအနီး ရောက်ရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝေဘူလမြို့ကနေ ထိုးလာတဲ့ စစ်ကြောင်းဟာ ဖလမ်းမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ သွာလ်ဇဲ့ (Tualzeh) ကျေးရွာအနီး ရောက်ရှိလာပြီး ဒီဇင်ဘာ ၆ ရက်က အဲ့ဒီ ရွာအနီး စစ်အုပ်စုနဲ့ ချင်းတော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး သေနတ် တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“SAC (စစ်အုပ်စု) ဘက်က ခုနှစ်ယောက် သေတယ်။ ထိခိုက်ဒဏ်ရာ ရှိတယ်။ သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်”
ဒီဇင်ဘာ ၆ ရက်က အဲ့ဒီတိုက်ပွဲ ဖြစ်နေချိန် စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ y-12 လေယာဉ်နဲ့ အကြိမ် ၇၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဆွမ်းဟရန်၊ ရွာသစ်နဲ့ ရွာဟောင်းမှာ ရှိတဲ့ နေအိမ်တချို့ မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုးရာ လမ်းတလျှောက် တွေ့သမျှပြည်သူကို ရန်ပြု သတ်ဖြတ်၊ ကျေးရွာတွေကို စီးနင်းလုယက် ဖောက်ထွင်းတာကြောင့် ဖလမ်းနဲ့ တီးတိန်မြို့နယ်အတွင်းမှာ ရှိတဲ့ ခိုင်ကမ်းနဲ့ ဝေဘူလမြို့ အပါအဝင် ထေးဇန်၊ ဆွလိမ်၊ အာလွယ်၊ သိုင်းငင်း၊ ဆဲဇန်၊ ဟိန်ဇိန်၊ ဆိုဇန်၊ မွာလ်ပီး စတဲ့ ကျေးရွာတွေနဲ့ လိုင်ဗား၊ တလန်းဇာရ်၊ တလန်းဇာရ်၊ လုမ်းဘန်း၊ ပါရ်သဲ၊ ထင်းရှုးမြိုင်၊ ဗားရ် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ တောတောင်အတွင်း ထွက်ပြေး တိမ်းရှောင်ရပါတယ်။
စစ်ဘေးရှောင်ထွက်ပြေးရတာ နှစ်လခန့် ကြာမြင့်နေပြီ ဖြစ်ပြီးတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ရှောင်အရေး အကူအညီ ပေးသူတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးလာလို့ ပြောင်းလာရတာက ကလေးဘက်က လူတွေ ရှိတယ်၊ ဖလမ်းက လူတွေ ရှိတယ်။ ဖလမ်းဘက်ကတော့ (စစ်ရှောင်ဦးရေ) ၂၀,၀၀၀ ကျော်ပေါ့။ ကလေးဘက်က ပြောင်းလာကြတာက နန်းချောင်း၊ သာယာကုန်း ရွာတွေဘက် စစ်ရှောင်က လူဦးရေ ၄၀၀ ရှိတယ်။ ထပ်တိုးလာတာတွေ၊ လိုအပ်ချက်တွေကတော့ မိုးကာတွေ လိုတယ်။ ဆေးဝါး၊ အစား အသောက်တွေ လိုတယ်”
တိုက်ပွဲတွေအတွင်း စစ်အုပ်စု အသေအပျောက် များပေမယ့် အသေခံကာ ရှေ့ဆက်တိုးလာနေတာလို့ ချင်းဒေသ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ချင်းတော်လှန်ရေးတပ်တွေ အနေနဲ့ နိုဝင်ဘာ ၂၈ရက်က တီးတိန်မြို့အဝင် စစ်အုပ်စု ဂိတ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သလို စစ်အုပ်စု အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာချိန် ယာယီ ဆုတ်ခွာပေးခဲ့ရတဲ့ တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်ကုန်းကိုလည်း နိုဝင်ဘာ ၁၇ ရက်မှာ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။
အဲ့ဒီ ကနေဒီတောင် တိုက်ပွဲမှာ စစ်အုပ်စု ၁၀၀ ကျော် သုတ်သင်နိုင်ပြီး စစ်သုံပန်းတွေ ဖမ်းမိသလို လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ချင်းတော်လှန်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။
ချင်းပြည်မှာ မြို့နယ် ၁၂မြို့နယ် ရှိတဲ့အနက် ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖလမ်းမြို့ အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။
မင်းအောင်လှိုင်ရဲ့ အာဏာသိမ်း စစ်အုပ်စု အနေနဲ့ ချင်းပြည်မြို့တော် ဟားခါးမြို့ အပါအဝင် ထန်တလန်၊ တီးတိန်၊ ခိုင်ကမ်းနဲ့ တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ဝေဘူလမြို့တို့ ထိန်းချုပ်ထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအပြီး တွေ့ရတဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့ စစ်ရေးလေ့ကျင့်၊ တိုက်ပွဲဝင်နေတဲ့ CDF-Mindat တပ်ဖွဲ့ဝင်တွေ/Photo – CDF-Mindat
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



