ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ရေး တောင်သာနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးကာ ရွာခုနှစ်ရွာ မီးရှို့ဖျက်ဆီး၊

MN/MFP ၊ ဒီဇင်ဘာ – ၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲ ရွေးကောက်ပွဲမတိုင်မီ နယ်မြေတွေ ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုက ကျေးရွာခုနှစ်ရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၂၀၀ ပြာကျပျက်စီးတယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာကနေ လက်ရှိအချိန်ထိ စစ်အုပ်စုနဲ့ ပျူစောထီးတွေက မြင်းခြံ-တောင်သာ လမ်းပိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းနဲ့ တောင်သာမြို့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး လမ်းပိုင်းအချို့ကို ပြန်လည်ထိန်းချုပ်သွားပြီ ဖြစ်သလို ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးတာလို့ တောင်သာမြို့နယ် ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
“ပထမဆုံး စစ်ကြောင်းထိုးပြီး မီးရှို့ခံလိုက်ရတာက မြင်းခြံ-တောင်သာ လမ်းပိုင်းပေါ်က မြေဖြူကုန်းနဲ့ တမံကြီး(ရွာ) အဲဒီရွာတွေ။ အဲဒီ မြင်းခြံ-တောင်သာ လမ်းပိုင်းကိုလည်း (စခ)တွေက စီးမိသွားပြီ။ မနေ့ကတော့ ခြုံကြီးရွာနဲ့ အင်းတဲရွာကို မီးရှို့သွားသေးတယ်။ အခု စစ်ကြောင်းက မြင်းခြံ-ညောင်ဦး လမ်းပိုင်းပေါ်ကနေ အင်အားတွေ ဖြည့်ပြီးတော့ ရွာတွေကို ဝင်မွှေနေတာ။ ကျွန်တော်တို့လည်း ကိုယ်တတ်နိုင်သလောက်တော့ ကာနေရတာပေါ့”
တောင်သာနယ်ထဲ စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ တမံကြီး၊ ဆည်ကုန်း၊ ညောင်တို၊ မြေဖြူကုန်း၊ ခြုံကြီး၊ အင်းတဲနဲ့ ပဲခင်းကျော် စတဲ့ ကျေးရွာ ခုနစ်ရွာက နေအိမ် ၂၀၀ ဝန်းကျင် မီးလောင်ပြာကျတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စု အင်အား ၁၀၀ ကျော်နဲ့ တောင်သာမြို့နယ်ထဲ စစ်ကြောင်းထိုး မီးရှို့နေဆဲဖြစ်တာကြောင့် မြင်းခြံ-တောင်သာ လမ်းပိုင်းနဲ့ တောင်သာမြို့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ လုပ်မယ်လို့ ပြီးခဲ့တဲ့ လပိုင်းအတွင်း ကြေညာပြီးနောက် စစ်အုပ်စုက မြင်းခြံနယ်ထဲ အရှိန်မြင့် စစ်ကြောင်းထိုးကာ နယ်မြေတွေ ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း စစ်အုပ်စုက တောင်သာမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး ရုံးစည်ကြီးရွာက အမျိုးသမီး ခုနစ်ဦးကို အဓမ္မပြုကျင့်ကာ အမျိုးသား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။



တောင်သာနယ်ထဲ စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေနဲ့ စစ်ဘေးဒုက္ခသည် ပြည်သူတွေ/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



