မြင်းခြံထောင်က ပြန်လွတ်လာတဲ့ မပိုးပီတိခိုင်ကို စစ်အုပ်စုက မန္တလေး အောင်ပင်လယ် ရဲစခန်းမှာ ချက်ချင်း ပြန်ဖမ်း၊
စျေးချိုတော် ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်ပေးလို့ ဖမ်းဆီးတာလို့ စစ်အုပ်စုက လိမ်ညာသတင်းဖြန့်၊

MN/MFP ၊ ဒီဇင်ဘာ – ၇
မန္တလေးတိုင်း၊ မြင်းခြံမြို့ အကျဉ်းထောင်ကနေ ဒီဇင်ဘာ ၂ ရက်မှာ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ဘားအံ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ မပိုးပီတိခိုင်ကို အာဏာသိမ်း စစ်အုပ်စုက မန္တလေးမြို့ အောင်ပင်လယ်ရဲစခန်းမှာ ဒီဇင်ဘာ ၃ ရက်က ပြန်လည် ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေက MFP ကို ပြောပါတယ်။
တက္ကသိုလ်ကျောင်းသူ မပိုးပီတိခိုင်ကို အာဏာသိမ်း စစ်အုပ်စုက ၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက ဥပဒေမဲ့ ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) တို့နဲ့ အမှုဆင်ပြီးနောက် ထောင်ဒဏ် ငါးနှစ်ချကာ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထောင်ချခဲ့တာ ဖြစ်ပါတယ်။
ဘားအံ ကွန်ပျူတာတက္ကသိုလ် တတိယနှစ်ကျောင်းသူ ဖြစ်သလို အဲ့ဒီ တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ မပိုးပီတိခိုင်ဟာ မြင်းခြံအကျဉ်းထောင်ကနေ ဒီဇင်ဘာ ၂ ရက်မှာ ပြန်လွတ်လာခဲ့ပြီးနောက် မန္တလေးပြန်ရောက်ချိန် အောင်ပင်လယ်နယ်မြေရဲစခန်းက ခံဝန်ထိုးဖို့ ဖုန်းဆက်ခေါ်ခဲ့တာကြောင့် ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းမှာ သွားရောက်ချိန် စစ်အုပ်စုက အကြမ်းဖက်မှု ပုဒ်မ ၅၂(က) နဲ့ ပြန်လည်ဖမ်းဆီးထားလိုက်တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက မန္တလေးမြို့ ဈေးချိုတော်မှာ ပြုလုပ်ခဲ့တဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တစ်စုရဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဆန္ဒပြပွဲကို မပိုးပီတိခိုင်က ဓာတ်ပုံရိုက်ပေးတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ စစ်အုပ်စုက လိမ်ညာ သတင်းဖြန့်ပေမယ့် အဲဒါကြောင့် ဖမ်းဆီးခံရတာ မဟုတ်ဘဲ ဝန်ခံထိုးဖို့အတွက် ခေါ်ပြီးမှ ဖမ်းထားလိုက်တာ ဖြစ်တယ်လို့ မပိုးပီတိခိုင်နဲ့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။
“မပိုးပီတိခိုင် အဖမ်းခံရတာက အရင်ပါ။ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြတဲ့ဟာက သူဖမ်းဆီးခံရပြီး နောက်မှ လိုင်းပေါ်မှာ တက်လာတာ။ မတူပါဘူး။ သူက အရင်ဖမ်းခံရတာ။ လွတ်လာပြီးတော့ သူ့ကို ရဲစခန်းက ခံဝန်ထိုးဖို့ ဖုန်းဆက်ခေါ်လို့ သွားတဲ့ နောက်ရက်မှာ ပြန်ဖမ်းခံရတာ။ ဆန္ဒပြပွဲထဲမှာ သူလည်း မပါဘူး။ ဆန္ဒပြပွဲ ဓာတ်ပုံရိုက်လို့ဆိုတာ မဟုတ်ဘူး”
စစ်အုပ်စုက ချက်ချင်း ပြန်လည် ဖမ်းဆီးပြီးနောက် မပိုးပီတိခိုင်ရဲ့ နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ တင်ထိုင်းကျဲ ဖမ်းဆီးကာ အမှုဆင် ထောင်ချနေတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ဥပဒေမဲ့ ဖမ်းဆီးပြီး အမှုဆင်ထောင်ချထားသူတွေထဲက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – က အမှုနဲ့ အမှုဆင်ထောင်ချထားသူနဲ့ အမှုဖွင့်ထားပြီး မိအောင်မဖမ်းနိုင်သူ ၈၆၆၅ ဦးကို ပြန်လွှတ်ပေးတာ၊ အမှုပိတ်သိမ်းတာတွေ လုပ်ခဲ့ပြီး အဲဒီထဲမှာ မြင်းခြံအကျဉ်းထောင်ကနေ မပိုးပီတိခိုင် အပါဝင် အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား ၂၄ ဦး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

မန္တလေး မြင်းခြံထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီး နောက်တစ်ရက်မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ ပြန်လည် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ မပိုးပီတိခိုင်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



