
ဇော်မောင်/MFP၊ ဒီဇင်ဘာ – ၇
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ အခြေခံလုပ်သား ရှားပါးကာ နေ့စားခ၊ လုပ်အားခနှုန်းထားလည်း အရင်ကထက် နှစ်ဆမြင့်တက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အသေးစားအလတ်စား လုပ်ငန်းတချို့ ရပ်နားထားရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ငလျင်ကြီး မဖြစ်ပွားခင်က မန္တလေးမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အခြေခံလုပ်သားဖြစ်တဲ့ အုတ်၊သဲ သယ်ယူသူ တစ်ယောက်ရဲ့ တစ်ရက်လုပ်အားခဟာ ကျပ် ၇,၀၀၀ နဲ့ ၈,၀၀၀ ကြားသာရှိခဲ့ပြီး ငလျင်ကြီး ဖြစ်ပွားပြီးတဲ့နောက် လုပ်အားခ တစ်ရက်ကို ကျပ် ၁၅,၀၀၀ အထိ စျေးတက်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပန်းရံ၊ လက်သမားအလုပ် ကျွမ်းကျင်တဲ့ ပညာရှင်အဆင့် လုပ်သားတစ်ယောက်ဆိုရင် တစ်ရက်လုပ်အားခ အနည်းဆုံး ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ရရှိနေတယ်လို့ မြို့ခံ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
ငလျင်ဒဏ်သင့် အဆောက်အအုံတွေ ဖြိုဖျက်၊ ပြန်လည် တည်ဆောက်ဖို့ လုပ်သားလိုအပ်ချက် များပေမယ့် လုပ်သားက ရှားပါးတာကြောင့် အထက်ပါအတိုင်း လုပ်အားခတွေ နှစ်ဆမြင့်တက်သွားပြီး ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတချို့ လုပ်သားမရှိလို့ ရပ်နားထားရတယ်လို့ မန္တလေးမြို့ခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ အိမ်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။
“အရာရာ နှစ်ဆပါပဲ၊ အဓိကက ငလျင်လှုပ်ပြီး အဆောက်အဦး ပျက်တွေကို တိုက်ပိုင်ရှင်တွေက အမြန် ရှင်းချင်ကြတယ်။ အဲဒီအချိန်မှာ အရင်က ဆောက်လုပ်ရေးလုပ်ကြတဲ့ နေ့စားတွေကို ဈေးကောင်းပေးပြီး ခေါ်ကြတယ်။ အန္တရာယ်လည်း ရှိတာကိုး။ ငလျင်ပြီး သုံးလ၊ လေးလလောက်အထိ ကိုယ့်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မလုပ်နိုင်ဘဲ ရပ်ထားရတယ်။ အလုပ်သမားမှ မရှိတာ။ အလုပ်သမားက တိုက်ဖျက်တဲ့ဆီ ရောက်နေတာ။ ကိုယ်တွေကျ အဲဒီဈေး မပေးနိုင်ဘူးလေ” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။
ငလျင်ဘေးဒဏ်သင့် ထိခိုက်ပျက်စီးတဲ့အဆောက်အဦးတွေကို ရှင်းလင်းတဲ့ အလုပ်သမားတစ်ယောက်ရဲ့ နေ့စားလုပ်အားခဟာ တစ်ရက်ကို ကျပ်သုံးသောင်းကနေ ကျပ်ငါးသောင်းအထိ ရရှိကြသလို လက်ရှိကာလမှာလည်း အဆောက်အဦးဖျက်တဲ့ နေ့စားလုပ်သားရဲ့ တစ်ရက်စာလုပ်အားခဟာ ကျပ် သုံးသောင်း ရရှိနေတာ ဖြစ်ပါတယ်။
တစ်နိုင်တပိုင်အိမ်တွင်းလုပ်ငန်းမှာ ရှိတဲ့ လုပ်သားတစ်ဦးရဲ့ လုပ်အားခဟာ အရင်က တစ်ရက်ကို ကျပ် ၈,၀၀၀ သာ ရှိပြီး လက်ရှိအချိန်မှာ ကျပ် ၁၂,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။
“ငလျင်ပြီး အဲဒီလို ဈေးတွေ တက်ကုန်တာပဲ၊ ကုန်ဈေးတက်တာနဲ့ အလုပ်သမား ရှားပါးတာလည်း ပါတာပေါ့၊ မတတ်နိုင်ဘူး ဖြစ်အောင်လုပ်နေရတာပဲ။ အလုပ်သမားမရှိလို့မှ မရတာ”လို့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ၂၀၂၄ မတ်လက စလို့ ဖမ်းဆီး ပေါ်တာဆွဲကာ အသေခံ စစ်သားသစ် စုဆောင်းနေပြီး မန္တလေးမြို့ပြင် ကျေးရွာတွေကနေ မြို့ပေါ်ကို အလုပ်လာလုပ်သူတွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးပေါ်တာဆွဲ၊ ငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေလို့ မန္တလေးမြို့ပေါ် အလုပ်လာလုပ်သူ နည်းပါးသွားပြီး အခုလို လုပ်သားရှားကာ လုပ်အားခတွေ စျေးတက်တာလို့ မြို့ခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာ ရှိနေတဲ့ လုပ်သားအများစုဟာလည်း ပေါ်တာဆွဲမခံရစေရေးအတွက် စစ်အုပ်စုကို လစဉ် ဆက်ကြေးသဘောမျိုး ပေးဆောင်ကာ နေထိုင်ကြရတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မတ်လ ၂၈ ရက် ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားတာ၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေဟာ ရပ်ဆိုင်းခဲ့ရပါတယ်။ ရပ်ဆိုင်းသွားတဲ့လုပ်ငန်းတွေက လုပ်သားတွေဟာ ငလျင်ဒဏ်သင့်အဆောက်အဦးတွေ ရှင်းလင်းရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ကြတာ ဖြစ်တယ်လို့ စစ်အုပ်စုက ပြုလုပ်တဲ့ ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဌ ဦးတင်လတ်က ပြောပါတယ်။
“အလုပ်သမားတွေဟာ အခုလိုကူးသွားတော့ ဆောက်လုပ်ရေးမှာလည်း လုပ်သား မလုံလောက်တဲ့အတွက် အများကြီး ပိုပေးနေရတဲ့အတွက် daily worker တစ်ယောက်ဟာ ကျပ် သုံးသောင်း၊ လေးသောင်းအထိ ရနေပါတယ်” လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ်က ဒေါ်ခိုင်ခိုင်နွယ်ကလည်း အထက်ပါ စစ်အုပ်စုရဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။
ငလျင်ကြောင့် မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်း လေးပုံ သုံးပုံခန့် ရပ်တန့်သွားခဲ့ရပြီး သင်္ကြန်ကာလအပြီးမှာ ထိခိုက်သွားတဲ့ လုပ်ငန်းတွေထဲက ၂၅ ရာခိုင်နှုန်း၊ မေလမှာတော့ ၅၀ ရာခိုင်နှုန်းအထိ လည်ပတ်နေပြီဖြစ်တယ်လို့ MRCCI က အထက်ပါ စစ်အုပ်စု ဆွေးနွေးပွဲမှာ ပြောပါတယ်။
မန္တလေးမြို့မှာတော့ စာသင်ကျောင်းနဲ့ အိမ်ယာအဆောက်အဦးတချို့ အပါအဝင် ငလျင်ဒဏ်သင့် အဆောက်အအုံတွေ ယနေ့အချိန်ထိ ဖြိုဖျက်နိုင်တာ မရှိသေးဘဲ ပြန်လည် တည်ဆောက်ရေး မလုပ်နိုင်သေးတဲ့ အဆောက်အအုံတွေလည်း အများအပြား ကျန်ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က ငလျင်ဒဏ်သင့် အဆောက်အအုံတစ်ခု/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



