မကွေးသတင်း

ပခုက္ကူမှာ တော်လှန်ရေးတပ်စခန်းတစ်ခုကို စစ်အုပ်စု စစ်ကြောင်းထိုး စီးနင်းပြီးနောက် ရဲဘော်တစ်ဦးကျဆုံး၊

စစ်အုပ်စုစစ်ကြောင်းက ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ဂူဗိမာန်‌တွေကိုပါ ဖျက်ဆီး

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၉

မကွေးတိုင်း၊ ပခုက္ကူနယ်က တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုနဲ့စစ်ရှောင်စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး ကားနှစ်စီး၊ဆိုင်ကယ်နဲ့ ခဲယမ်းရိက္ခာတွေ ဆုံးရှုံးခဲ့ရတယ်လို့ Burma Revolution Rangers အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက MFP ကိုပြောပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ – ၁၀၁ က ထွက်လာတဲ့ စစ်ကြောင်းဟာ ဘုန်းကန်ပျူစောထီးစခန်းကနေတဆင့် စစ်ကြောင်းထိုးလာတာဖြစ်ပြီး Burma Revolution Rangers တပ်ဖွဲ့စခန်းအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ကူလာရောက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ပြီး အင်အားမမျှတာကြောင့် စခန်းကို စွန့်ခွာခဲ့ရတာဖြစ်တယ်လို့ Burma Revolution Rangers အဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျွန်တော်တို့ဘက်က လက်နက်ကြီးမပါတော့ အင်အားက ဘယ်လိုမှ မမျှ‌တော့ ပြီးတော့ ကျည်ပစ်အားကလည်း ဘယ်လိုမှ မမျှ‌ဘူး လူအင်အားချင်းကလည်း မတအားကြီးကွာလွန်းနေတော့ ဘယ်လို့မှမရတဲ့အဆုံးမှာ ပြန်ဆုတ်ပြီး စခန်းထဲမှာ ရဲဘော်ဆယ်ယောက်လောက်ပဲကျန်ပြီး ပြတ်ဆုတ်ခဲ့ရတာ။ ရဲဘော်ကတော့ စစ်ကူလာတဲ့အဖွဲ့က ၄၀ အစ ခေါင်းမှန်ပြီး ကျတယ်ဗျ၊တခြားထိခိုက်ရဲဘော်တွေလည်းရှိသေးတယ်” 

စစ်အုပ်စုစစ်ကြောင်းက လက်နက်ကြီး ပစ်ကူတွေကြောင့် အင်အားမမျှတတဲ့အတွက် စခန်းစွန့်ခွာခဲ့ရတာဖြစ်ပြီး စစ်ကူလာတဲ့တပ်ဖွဲ့က ကားတစ်စီး၊ Burma Revolution Rangers တပ်ဖွဲ့က ကားတစ်စီးနဲ့ဆိုင်ကယ်လေးစီးအပြင် ခဲယမ်းရိက္ခာတွေကို စစ်အုပ်စုက ယူဆောင်ကာ စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းက တပ်ဖွဲ့စခန်းအနီးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အာဇာနည်ဂူဗိမာန်‌နှစ်ခုကိုလည်း ဖျက်ဆီးခဲ့သလို အနီးအနားက ကျေးရွာတွေကို ဆက်လက်

စစ်ကြောင်းထိုးကာ စစ်ဘေးရှောင်ထွက်ပြေးနေကြရတဲ့ ကင်းကျေးရွာက ဒေသခံပြည်သူတွေရဲ့သီးနှံတွေသိမ်းဆည်းထားတဲ့ စစ်ဘေးရှောင်စခန်းကိုလည်း ထပ်မံမီးရှို့ဖျက်ဆီး သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းက ပခုက္ကူနယ်အစပ်နဲ့မြိုင်နယ်အစပ်ကို စစ်ကြောင်းဆက်ထိုးနေတာကြောင့် ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်နဲ့ မြေပြင်စစ်ကြောင်းကို သတိထားနေထိုင်ကြဖို့ ဒေသခံတော်လှန်ရေးတပ်တွေက သတိပေးထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button