သတင်း

NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းနဲ့အဖွဲ့ PNO ထိန်းချုပ်နယ်မြေမှာ ပျောက်ဆုံးနေ

အီသာရမ်/MFP ၊ ဒီဇင်ဘာ-၉

စစ်ကိုင်းတိုင်းက  တော်လှန်ရေးနယ်မြေမှာ နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်ဆံအလုပ်လုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းပျောက်ဆုံးနေပြိီး စစ်အုပ်စုဖမ်းဆီးထားတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယတစ်ပတ်မှာ ဦးကွန်မင်းနဲ့အဖွဲ့ဟာ စစ်ကိုင်းတိုင်း မြို့နယ်တစ်ခုကနေ တောင်ပိုင်းကို ခရီးထွက်သွားရာကနေ အဆက်အသွယ် ပြတ်တောက်သွားတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ ဦးကွန်မင်းက ယင်းမာပင်ခရိုင်အစည်းအဝေးကို ခရီးသွားနေရာကနေ အွန်လိုင်းကနေတဆင့် အဖွင့်မှာစကား ပြောကြားခဲ့ပြီးနောက် အဆက်အသွယ်အားလုံး ပြတ်တောက်သွားတာလို့ ဆိုပါတယ်။

ဦးကွန်မင်းနဲ့အဖွဲ့ဟာ ရှမ်း‌ပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ထိန်းချုပ်နယ်မြေမှာ ပျောက်ဆုံးနေတာဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတချို့ ကြားနေရတယ်လို့ MFP ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဆရာကွန်းမင်းက ရှမ်းတောင် PNO ထိန်းချုပ်နယ်မြေဘက်မှာ ပျောက်ဆုံးသွားတဲ့ အနေအထားမျိုးပေါ့၊ ဖမ်းဆီးခံရတဲ့ အနေအထားမျိုးမဟုတ်ပါဘူး၊ ဆိုလိုတာကတော့ စစ်တပ်လက်ထဲ ရောက်နေတာမဟုတ်ဘူး၊ ကျွန်တော်တ်ို့လည်း PNO ဘက်ကို စုံစမ်းနေဆဲဖြစ်ပါတယ်”

ဦးကွန်းမင်းပျောက်ဆုံးနေတာဟာ စစ်အုပ်စုဘက်က ဖမ်းဆီးထားတယ်လို့ သံသယရှိနေတာကြောင့် NUG ဘက်က ဦးကွန်မင်းနဲ့ဆက်စပ်တဲ့ လူမှုကွန်ယက်တွေကို အဆက်အသွယ် ဖြတ်တောက်ထားကြဖို့နဲ့ ဂရုတွေကနေ ထုတ်ထားဖို့ NUGရဲ့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေးစာ ထုတ်ပြန်လာတယ်လို့ MFPရဲ့ တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဒီဇင်ဘာလ ၁ ရက်က ဦးကွန်မင်းက လုံခြုံရေးစိုးရိမ်ရလို့ဆိုပြီး ဂရုထဲက ထုတ်ထားကြဖို့ ဆိုင်ရာအသီးသီးက ဂရုထဲရေးလာကြတယ်။ ဒီဇင်ဘာလ ၄ ရက်မှာ ယင်းမာပင်ခရိုင်

အစည်းအဝေးမှာ ပြန်ပေါ်လာတယ်။ အဖွင့်စကား ၁၀ မိနစ်လောက် ပြောသွားပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာတော့ PNO ဘက်မှာ အဖမ်းခံရသလို သတင်းထွက်လာတယ်။ အဲဒါပြီးကတည်းက ဝန်ကြီးဌာနက စာနှစ်စောင်ထွက်လာပြီး တာဝန်ကရပ်ဆိုင်းတာနဲ့ ပအဖအဖွဲ့ဝင်တွေရဲ့ Sim Card တွေကို ဖျက်ဆီးဖို့ပါ စာထွက်လာပါတယ်”

ဦးကွန်မင်းနဲ့အဖွဲ့ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ NUGရဲ့ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ကို MFP ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြောစရာမရှီသေးကြောင်း တုံ့ပြန်ပါတယ်။

ဒါ့အပြင် ဦးကွန်မင်းပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ပက်သက်ပြီး တိတိကျကျသိရဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်ကို MFP က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုသလို ဦးကွန်မင်း ပျောက်ဆုံးနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး MFPအနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာမျိုး တစ်စုံတစ်ရာ မရှိသေးပါဘူး။

ဦးကွန်မင်းဟာ စစ်ကိုင်းတိုင်း ပုလဲမြို့ဇာတိဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့‌မကွေးတိုင်းက တော်လှန်ရေးနယ်မြေ‌တွေက တပ်ရင်းတပ်ဖွဲ့တွေနဲ့NUG ကာကွယ်ရေးဝန်ကြီးဌာနကြားမှာ ဆက်သွယ်ဆောင်ရွက် ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button