စစ်ကိုင်းမှာ USDPပါတီက ငလျင်အတွက် ထောက်ပံ့မယ်ဆိုပြီး မဲဆွယ်စည်းရုံးရေး လိမ်ခေါ်၊
အမှန်တကယ်မပေးဘဲ ဟောပြောပွဲသာ လုပ်သွားဟု ဒေသခံတွေပြော
ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ချင်းစုရပ်ကွက်၊ အောင်ချမ်းသာဘုရားဝန်းအတွင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီက ငလျင်ဒဏ်သင့် ဒေသခံတွေကို ခေါ်ယူကာ အမှန်တကယ်မထောက်ပံ့ဘဲ မဲဆွယ်စည်းရုံးဟောပြောပွဲသာ လုပ်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်က ငလျင်ဒဏ်သင့် သူတွေကို ထောက်ပံ့မှုပေးမယ်ဟုဆိုကာ ရပ်ကွက်အုပ်ချူပ်ရေးမှူးကနေ တဆင့်ဆက်သွယ် ခေါ်ယူခဲ့တာဖြစ်ပြီး ဘုရားဝန်းအတွင်းမှာ လွှတ်တော်
ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေး ဟောပြောခဲ့တာ ဖြစ်ပါတယ်။
“ငလျင်ဘေး ထောက်ပံ့မှု စာအုပ်အစိမ်းရတဲ့လူတွေ ထောက်ပံ့မှုပေးမှာမို့ စာအုပ်အစိမ်းယူပြီး လာခဲ့ကြလို့ လိမ်ခေါ်ပြီး မဲဆွယ်ဟောပြောပွဲလုပ်သွားတာ။ မပေးသွားပါဘူး ထောက်ပံ့မှု” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ဒီဇင်ဘာလထဲမှာ စစ်အုပ်စုဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွေကို စစ်ကိုင်းဒေသခံတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေက မပါဝင်ဘဲသပိတ်မှောက် ထားတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း USDP ပါတီက ငလျင်ဘေးသင့် ဒေသခံတွေကို ထောက်ပံ့မှုပေးမယ်လို့ ပြောဆိုလာတာကြောင့် အိမ်တိုင်းနီးပါး သွားရောက်ခဲ့ကြပေမဲ့ အပြောနဲ့လက်တွေ့ မညီဘူးလို့ ဆိုကြပါတယ်။
“မနေ့က မဲဆွယ်တာက ကြံ့ဖွတ်က နန္ဒဝန်ရပ်ကွက်၊ ရွာထောင်ရပ်ကွက်နဲ့ ပြူကံရပ်ကွက်တွေကိုသွားပြီးမဲဆွယ်တာ။ မြို့ပေါ်ရပ်ကွက် အကုန်စုံတော့စုံနေပြီ။ လှည့်လည်မဲဆွယ်ဟောပြောတာ” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် USDP ပါတီရဲ့ဒီဇင်ဘာလ ၈ ရက်ထုတ်ပြန်ချက်မှာလည်း စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်တို့ဟာ စစ်ကိုင်းမြို့ခံတွေနဲ့ တွေ့ဆုံပြီးနောက် ကိုယ်စားလှယ်လောင်း မိတ်ဆက်တာနဲ့ မဲပေးနည်းစနစ်တွေအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ကို နိုင်ငံတစ်ဝန်းက မြို့နယ် ၁၀၂ မြို့နယ်မှာ လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကိုင်းတိုင်းက ရပ်ကွက်နဲ့ကျေးရွာ ၉၀၂ ခုမှာတော့ လတ်တလောမကျင်းပနိုင်သေးကြောင်း ဒီဇင်ဘာလ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေတဲ့ စစ်အုပ်စုဦးဆောင်ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပါဝင်ပတ်သက်တာနဲ့ အားပေးထောက်ခံတာမျိုး လုပ်မှာမဟုတ်ကြောင့် ထုတ်ဖော်ပြောဆို ထားကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



