သတင်း

ဖလမ်းမြို့နယ်မှာ အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၂ ဦးကို စစ်အုပ်စုက လမ်းပြအဖြစ် ဓားစာခံဖမ်းဆီး

ရွှေဥ/MFP၊ ဒီဇင်ဘာ ၉

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဘွာလ်ခွါးကျေးရွာက ဒေသခံ ၁၂ ဦးကို လမ်းပြအဖြစ် ဓားစာခံဖမ်းဆီးထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဒီဇင်ဘာလ ၉ ရက်ဒီနေ့မှာ MFP ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားဆယ်ဦး စုစုပေါင်း ၁၂ ဦး ကို ဖမ်းဆီးထားသလို နောက်ထပ် ဒေသခံနှစ်ဦးကိုလဲ သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုတပ်တွေက ကလေး-တီးတိန် -ဖလမ်းလမ်းမကြီးအတိုင်း အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ဖလမ်းမြို့နယ်၊ ဘွာလ်ခွါးကျေးရွာကို စီးနင်းဝင်ရောက်ပြီးနောက် ဒီဇင်ဘာလ ၇ ရက်မှာ ဦးဘွဲဆန်း၊ ဒေါ်စုကီလ်း၊ ကျုံးလျန်မန်း၊ ဗန်ဘွဲမွောင်၊ ဦးရန်းလမ်း၊ ဦးဆွီးလိန်ပြန်း၊ မောင်ဆန်ခေါကိမ်း၊ မောင်ကိမ်းလမ်း၊ ဦးစုခေါထန်း၊ ဦးနွန်ခေါသင်နဲ့ အမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဖလမ်းမြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထိုးရင်းဖမ်းတာ အားလုံး ၁၂ ဦး ဖမ်းတာ၊ အမည် မသိရတဲ့ သူတွေကဖမ်းခံရတဲ့ ဗန်ဘွဲ့ မောင် ရဲ့အမေနဲ့ နောက်ထပ် အမည်ရတဲ့ သူတစ်ဦးကတော့ ဖမ်းခံရတဲ့အထဲ ပါသွားတဲ့ ဦးနွန်ခေါသင်ရဲ့သား ပါ”

ဖမ်းဆီးခံရသူတွေဟာ စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်ချိန် အချိန်မှီမရှောင်တိမ်းလိုက်နိုင်တာကြောင့် နေအိမ်တွေမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်တွေနဲ့ စားနပ် ရိက္ခာ တွေလဲ စစ်အုပ်စုက ခိုးယူစားသောက်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့မှာ ကလေးမြို့နယ်၊သာယာကုန်းကျေးရွာကနေ ဖလမ်းမြို့နယ် ၊ဖိုင်ဇောလ် ကျေးရွာအတွင်း စစ်ရှောင်နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဦးခရစ်နွန်ထန်း( Khirh Nun Thang)ကို ‌ ဖိုင်ဇောစကျေးရွာအနီးက စစ်ရှောင်ကွင်းလမ်း နေရာတစ်ခုမှာ စစ်အုပ်စုတပ်တွေက ပစ်ခတ် သတ်ဖြတ်ထားခဲ့သလို၊ ကလေးမြို့နယ် နန်ချောင်းကျေးရွာကနေ ဖလမ်းမြို့နယ် ၊ဆိမ်ဇောလ် (Simzawl)ကျေးရွာ ကို စစ်ရှောင်လာတဲ့ အသက် ၂၃ နှစ်အရွယ် ကိုကျော်စိုးလင်းလည်း စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ ဖလမ်းမြို့နယ် ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုလက်ချက်နဲ့ နိုင်ငံတစ်ဝန်းက အရပ်သား ၇,၅၃၉ ဦး သေဆုံးခဲ့ကာ ၃၀,၀၉၁ ဦးဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဒီဇင်ဘာလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button