စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

အဘိဝံသ ဘွဲ့တော်ရ ဆရာတော်တစ်ပါးအား စစ်အုပ်စုက သတ်ဖြတ်၊

ချောင်းဦး ကျီကုန်းရွာကို စီးနင်းလုယက် မီးရှို့တဲ့ စစ်အုပ်စုက ကျေးရွာအတွင်းရှိ ကျန်းမာရေးချို့တဲ့နေတဲ့ ဆရာတော်အား အကြောင်းမဲ့ သတ်ဖြတ်တာဖြစ်၊

ဘဦး/MFP၊ ဒီဇင်ဘာ – ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ရှိ ကျီကုန်းကျေးရွာကို ၁၀ရက်ကြာ စီးနင်းထားကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုက ပရိယတ္တိစာပေကျမ်းဂန် နှံ့စပ်တတ်ကျွမ်းတဲ့ အဘိဝံသာ ဘွဲ့တော်ရ ဆရာတော်တစ်ပါးအား ဒီဇင်ဘာ ၈ရက်မှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာဇာတိ ဆရာတော် ဦးသုမနာဘိဝံသ ဟာ အဘိဝံသ ဘွဲ့တော် ရရှိပြီးနောက် သက်တော် ၃၀ ဝန်းကျင်မှာ လေဖျန်းကာ ကျန်းမာရေးချို့တဲ့တာကြောင့် ကျီကုန်းကျေးရွာ ကျောင်းသစ်ကျောင်းမှာ သီတင်းသုံးနေတာ ဖြစ်ပြီး နိုဝင်ဘာ ၃၀ရက်က စလို့ ကျီကုန်းရွာကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုက တခြားသော ဒေသခံတချို့နဲ့အတူ ဆရာတော်အား အကြောင်းမဲ့ သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

“ကျောင်းပေါက်ဝမှာ သွေးအိုင်နဲ့ တွေ့တာတဲ့” လို့ ဆရာတော်အား စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ စစ်ကိုင်းမြို့ တပ်မ ၃၃ က လာတဲ့ အင်အား ရာချီပါ စစ်အုပ်စုဟာ နိုဝင်ဘာ ၃၀ ရက်က စလို့ ကျီကုန်းရွာကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျီကုန်းရွာအတွင်း စစ်အုပ်စုက သတ်ဖြတ်လို့ ဒေသခံ ငါးဦး ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သလို ရွာကို စီးနင်းချိန် လွတ်အောင်ထွက်မပြေးနိုင်တဲ့ ဒေသခံပြည်သူတချို့ကိုလည်း ဓားစာခံ လူစားဒိုင်းကာအဖြစ် ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကျီကုန်းကျေးရွာအတွင်းရှိ နေအိမ်တွေကို ဖောက်ထွင်းကာ ရေခဲသေတ္တာ၊ အဲကွန်း၊ ဆန်၊ ဆီ စတဲ့ မီးဖိုချောင်းသုံး ပစ္စည်းကအစ လိုချင်သမျှ ပစ္စည်းတွေကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခနဲ့ ချောင်းဦးမြို့ပေါ်ဆီ သယ်ထုတ်ယူဆောင်နေပြီး ဒီဇင်ဘာ ၈ရက်က ဆရာတော် ဦးသုမနာဘိဝံသ သီတင်းသုံးရာ ကျောင်းသစ်ကျောင်းကို စီးနင်းပြီး တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းလုယက်ချိန် ဆရာတော်ကိုပါ ပစ်သတ်ခဲ့တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“ဆရာတော် ပျံတော်မူတာ ဒီနေ့ (ဒီဇင်ဘာ၉)မှ အတည်ပြုနိုင်တယ်။ ဆရာတော်က ဥာဏ်ရည် သိပ်ကောင်းတာ၊ တရားဘာဝနာလည်း ပွားများတယ်၊ အခုလို နာမကျန်းတဲ့ ဆရာတော်ကို သတ်ပစ်တဲ့ သတင်းကြားရတော့ အတော့်ကို ဝမ်းနည်းရတယ်” လို့ တစ်ကျောင်းထဲ သီတင်းသုံးခဲ့ဖူးတဲ့ ဆရာတော်တစ်ပါးက MFP ကို မိန့်ပါတယ်။

ဆရာတော်ဟာ သူ့ကျောင်းထဲမှာပဲ သူနေပြီး နေ့စဉ် ဘုရားတရားအလုပ်ကိုသာ လုပ်ဆောင်သူဖြစ်တာကြောင့် စစ်အုပ်စု လက်ချက်က ကင်းလွတ်မယ်လို့ ယူဆမိခဲ့ကြောင်း နောက်ထပ် ဆရာတော်တစ်ပါးကလည်း မိန့်ပါတယ်။

“၁၃၅၄ မန္တလေး မစိုးရိမ်တိုက်သစ်မှာ နေစဉ် ရန်ကုန် စေတိယင်္ဂဏအဘိဝံသဘွဲ့ကို ရရှိခဲ့ပါတယ်။ ရပြီးချိန်ကစလို့ ဘဝဝဋ်ကြွေးကြောင့် ဦးခေါင်းထိကာ ဂိလာန အဖြစ် နေထိုင်ခဲ့ရတဲ့ ဆရာတော်။ နေ့စဉ်ပြုနေကျ စရဏဝတ်ကို မပျက်အောင် ကျင့်သုံး နေတတ်ပြီး ကုသိုလ်တွေနဲ့သာ အချိန်ကုန်စေခဲ့တဲ့ ဆရာတော်ပါ။ မကျန်းမာသူမို့ လွတ်လိမ့်မယ်လို့ တွေးပြီး အခါခါ ဆုတောင်းခဲ့သည့်တိုင် ဆုတောင်း မပြည့်ခဲ့ပါဘူး”

မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်မှာ ရှိတဲ့ ကျီကုန်းရွာဟာ အိမ်ခြေ ၁၀၀၀ ကျော် ရှိကာ စည်ကားတဲ့ ကျေးရွာကြီး ဖြစ်ပြီး စစ်အုပ်စုက ကျီကုန်းရွာကို ၁၀ရက်ကျော်ကြာ ဆက်လက် စီးနင်းထားကာ လူသတ်၊ လုယက်၊ နေအိမ် ဖောက်ထွင်း၊ တန်ဘိုးရှိ ပစ္စည်းတွေကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ သယ်ထုတ်ကာ မီးရှို့တာတွေ ဆက်လက် ကျူးလွန်နေပါတယ်။

“အိမ်ခြေတစ်ထောင်ကျော်ရှိပြီး စီးပွားရေးအရ အချက်အချာကျတဲ့ စည်ဖြိုးလှတဲ့၊ ရှေးကျွန်းအိမ်တွေ ပေါများလှတဲ့၊ အိမ်ကြီးရခိုင်တွေ ပေါများလှတဲ့ ကျီးကုန်းအရှေ့ရွာ၊ အနောက်ရွာ နှစ်ရွာလုံးကို စခ တွေ မီးရှို့ဖျက်ဆီးသွားတဲ့နေ့ ဒီနေ့ 8-12 2025။ မျက်ရည်တွေ အလိုလို တဖြိုင်ဖြိုင်ကျတဲ့နေ့။ ပစ္စည်းတွေကို အားရအောင်ထုတ်ခိုးပြီးမှ မီးရှို့ဖျက်ဆီးသွားကြ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျီကုန်းရွာက ဒေသခံတွေ ထွက်ပြေးနေရလို့ ကျေးရွာအတွင်း သတ်ဖြတ်ခံရသူ အရေအတွက်နဲ့ မီးရှို့ခံရတဲ့ အိမ်ခြေ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကျီကုန်းရွာထဲက ဖောက်ထွင်းခိုးယူထားတဲ့ ပစ္စည်းတွေကို ဒိုင်နာကား သုံးစီး၊ ခြောက်ဘီးကား သုံးစီးနဲ့ သယ်ထုတ်နေတာ ဖြစ်ပြီး နေ့ရောညပါ ခိုးယူသယ်ထုတ်တာလို့ ဆိုပါတယ်။

ကျီကုန်းရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ညပိုင်းမှာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လေ့ရှိလို့ ကျီကုန်း၊ ကျီကုန်းရွာသစ်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့ ချောင်းဦးနယ် ကျီကုန်းရွာမှာ သီတင်းသုံးတဲ့ ဆရာတော် ဦးသုမနာဘိဝံသအား ယခင်နှစ်က တွေ့ရစဉ်နဲ့ စစ်အုပ်စု မီးမရှို့ခင် ကျီကုန်းရွာအတွင်း နေအိမ်တွေ/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း

Related Articles

Back to top button