ဖလမ်းက ကျေးရွာတွေကို စစ်အုပ်စု နှစ်ရက်ဆက်တိုက် ဗုံးကြဲတာကြောင့် ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီး၊
ဝေဘူလမြို့ကနေ ထွက်ပြေးလာတဲ့ စစ်အုပ်စု တပ်သားတစ်ဦးကို ဖလမ်းမှာ ချင်းညီနောင်တပ်ဖွဲ့ အရှင်ဖမ်းဆီးရမိ
ရွှေဥ /MFP ၊ ဒီဇင်ဘာ-၁၀
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာရှိတဲ့ ကျေးရွာလေးရွာကို စစ်အုပ်စုဘက်က ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ဘုရားကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို အတည်ပြု ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဖြစ်တဲ့ ဖလမ်းမြို့ ပေါ်က တပ်ကုန်း ၊လုံပီး၊ ဇာလိုင်ရပ်ကွက်နဲ့ မန်းခဲန်း (Mangkheng )ရွာ၊ Sumhrang ဆွမ်ဟရန်ရွာ၊ သီးဖီရ်,ရွာ Tiphirရွာ၊ Thanhniar တုန်းတူလ်ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းနဲ့ နေအိမ် ဆယ်လုံးကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” ဖလမ်းအရှေ့ဘက် ခြမ်းက ရွာတွေပေါ့ အဲ့ဒီဘက်တွေကို ကြဲနေတာ၊ နေအိမ်ကတော့ ပျက်စီးတာရှိတယ်။ ဘုရားကျောင်းလဲ ပါတယ်”
ဝေဘူလမြို့ကနေ ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ စစ်အုပ်စုတပ်က ကျေးရွာတွေကို နှစ်ရက်ဆက်တိုက် ဗုံးကြဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်တစ်ရက်ထဲမှာပဲ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ကလေး -တီးတိန် လမ်းမကြီး ဝင်ရောက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကလည်း ဘွာလ်ခွာကျေးရွာကနေ Belawi၊ Suangdo ကျေးရွာဘက်တို့ကို ဦးတည် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖလမ်းမြို့နယ်အတွင်းမှာ ရှိတဲ့ မန်းခဲန်း (Mangkheng )ရွာ၊ Sumhrang ဆွမ်ဟရန်ရွာ၊ သီးဖီရ်ရွာ Tiphirရွာ၊ Thanhniar တုန်းတူလ်ရွာအပြင် ဟိုင်းမွာလ်၊ ဗားဖိုင်းကျေးရွာ၊ လဲင်ဟိုင်းရွာမှာရှိတဲ့ ဒေသခံထောင်ချီဟာ တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင် နေရပြီးတော့ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ အကူအညီ ပေးသူတွေက ပြောပါတယ်။
“အိန္ဒိယကို ရောက်လာတာ အယောက်လေးဆယ်ကျော် ရှိတယ်။ တောထဲ ကျန်ခဲ့တဲ့လူတွေက ဆာဗူးသီးစားနေကြတယ် သိရတယ်”
စစ်အုပ်စုတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ဦးဘွဲဆန်း၊ ဒေါ်စုကီလ်၊ ကျုံးလျန်မန်း၊ ဗန်ဘွဲမွောင်၊ ဦးရန်းလမ်း၊ ဦးဆွီးလိန်ပြန်း၊ မောင်ဆန်ခေါကိမ်း၊ မောင်ကိမ်းလမ်း၊ ဦးစုခေါထန်း၊ ဦးနွန်ခေါသင်နဲ့ အမည်မသိရတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၂ ဦးဟာ ဒီဇင်ဘာ ၁၀ ရက်ကနေ ဒီနေ့အထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၉ ရက်က ဝေဘူလမြို့ပေါ်ကနေ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားတစ်ဦးကို ဖလမ်းမြို့နယ်ပေါ်မှာ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေက အရှင်လက်ရ ဖမ်းဆီးရရှိခဲ့ပြီး စစ်စည်းကမ်းနဲ့အညီ ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်အုပ်စုတပ်သားဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ဖလမ်းမြို့နယ် ဝေဘူလမြို့ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၈ ရက်မှာ တီးတိန်မြို့အဝင်ဂိတ် စစ်အုပ်စုစခန်းကို သိမ်းပိုက်ထားသလို၊ နိုဝင်ဘာ ၁၇ ရက်မှာတော့ ကနေဒီတောင်ကုန်းကို ပြန်လည်သိမ်းပိုက်ခဲ့ရာမှာ စစ်အုပ်စု တစ်ရာကျော်သေဆုံးကာ၊ စစ်သုံပန်းနဲ့ လက်နက် အများအပြားရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်မှာတော့ ချင်းတော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။
Photo – Citizen Journalists
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



