မန္တလေးမှာ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖို့ စစ်အုပ်စု နည်းမျိုးစုံ ကြိုးပမ်းခဲ့၊
စည်ပင်နဲ့ ပျူစောထီးတွေက ပြည်သူကို အကြပ်ကိုင်ခြိမ်းခြောက် ခိုင်းစေခဲ့၊
ဇော်မောင်/MFP၊ ဒီဇင်ဘာ – ၁၀
မန္တလေးမြို့မှာ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်နေချိန် အာဏာသိမ်း စစ်အုပ်စုက နည်းမျိုးစုံသုံးကာ နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စု သစ္စာခံ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ကာ အသံတိတ်သပိတ်ကို နှောင့်ယှက်ဖို့ အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စည်ပင်ရုံးအရှေ့ဘက် ၂၆လမ်းနဲ့ ၂၇ လမ်းကြား၊ ၇၁ လမ်းကို ပိတ်ဆို့ကာ ပျော်ပွဲရွှင်ပွဲနဲ့ အပြေးပြိုင်ပွဲလို အားကစားပွဲတွေ လုပ်ခဲ့သလို စည်ပင်ဝန်ထမ်းတွေကို ရုံးပျက်ရင် အလုပ်ဖြုတ်၊ ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။
“ဒီနေ့မလာရင် ဒဏ်ရိုက်မယ်၊ အရေးယူမယ်ဆိုလို့ သွားရသေးတယ်၊ ဒီနေ့ ရုံးကြီးရှေ့ (စည်ပင်ရုံးရှေ့) တ နေရာတည်း လုပ်တာတော့ မဟုတ်ဘူး၊ တခြားနေရာတွေမှာလည်း ဌာနအလိုက် အားကစားပွဲတွေ လုပ်ခိုင်းထားတာ ရှိတယ်” လို့ မန္တလေးစည်ပင်ဝန်ထမ်း တစ်ဦးက MFP ကို ပြောပါတယ်။
မြို့တွင်းနေရာအနှံ့မှာလည်း စစ်အုပ်စုက ဝိုင်ယာလက်တွေ ဖွင့်ကာ ကားတွေနဲ့ လှည့်ပတ်နေတာ တွေ့ရတယ်လို့ လို့ မန္တလေးမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“နေရာအနှံ့ကို ရဲက ဝိုင်ယာလက်ဖွင့်ပြီး ပတ်ကင်းလှည့်တယ်၊ ဈေးတွေနားမှာ ရဲကားနဲ့ ရဲချထားတယ်၊ ဈေးမှာ ဆိုင်တွေ ဖွင့်၊ မဖွင့် လိုက်စစ်တယ်၊ မန္တလေးဈေးချိုဆိုရင် ရောင်းသူပဲရှိတယ် ၊ဝယ်သူမရှိဘူး”
ဒါ့အပြင် စည်ပင်နဲ့ ပျူစောထီးတွေက မန္တလေးမြို့ပေါ်ရှိ စျေးဆိုင်တွေကို မဖြစ်မနေ ဖွင့်ခိုင်းကာ စောင့်ကြည့်နေခဲ့သလို စျေးဆိုင်ဝန်ထမ်းတွေကို ခွင့်မယူဖို့၊ စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေကိုလည်း ခွင့်မယူဖို့ အကြပ်ကိုင်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၆လမ်းနဲ့ ၇၇လမ်းကြား၊ ၃၆လမ်းပေါ်မှာ ပျူစောထီးတွေ စုဝေးကာ ဒီကနေ့ ၁၂နာရီအချိန်ကစလို့ ဆောင်းဘောက်တွေ ဖွင့်ကာ ချောတိုင်တက်ပွဲ လုပ်ခဲ့ပြီး မွန်းလွဲ ၂နာရီကျော်အချိန် ချောတိုင်တက်ပွဲ ပြီးဆုံးပြီးနောက်မှာလည်း ဆောင်းဘောက်နဲ့ သီချင်းတွေ ဆက်ဖွင့်ကာ မူးရူးသောက်စား ကခုန်နေကြတယ်လို့ ဒေသခံမြေပြင်ကင်းထောက်တွေက ဆိုပါတယ်။
စစ်အုပ်စုရဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ ကြားကပဲ မန္တလေးမှာ အသံတိတ်သပိတ် လှုပ်ရှားမှု အောင်မြင်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်း မနက် ၁၀နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



