နမခတိုင်းမှူးအသစ် ကလေးမြို့ ရောက်ရှိနေချိန် အသံတိတ်သပိတ်မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ခံ ၁၀ ဦးဖမ်းဆီးခံရ
ရွှေဥ/MFP၊ ဒီဇင်ဘာ – ၁၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့တဲ့ အသံတိတ်သပိတ်(Silent Strike)မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံ ၁၀ ဦးကို စစ်အုပ်စုတပ်တွေက ဖမ်းဆီး သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဒီဇင်ဘာလ ၁၁ ရက် ဒီနေ့မှာ ပြောပါတယ်။
စစ်အုပ်စုတပ်တွေက ကလေးမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ မြို့မစျေး ၊တာဟန်းစျေး ၊ဆိပ်ကမ်းသာစျေး ၊ပင်လုံ ရပ်ကွက် ၊ချမ်းမြေ အောင်စည်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမတွေမှာ လုံခြုံရေးတင်းကြပ်ပြီးနောက် အင်္ကျီအနီ ဝတ်ဆင်ထားသူနဲ့ အနက်ရောင်ဝတ်ဆင်ထားတဲ့ ဒေသခံစျေးသွားစျေးလာ ၁၀ ဦးကို မနေ့ကတစ်ရက်ထဲမှာ ဖမ်းဆီးသွားတယ်လို့ ကလေးမြို့သပိတ် အဖွဲ့ ပါဝင်သူ တစ်ဦးက အတည်ပြု ပြောပါတယ်။
“စျေးတွေမှာ ဖမ်းတာ။ စတစ်ကာတွေရှာတယ်။အနီရောင်၊ အနက်ရောင် ဝတ်သူတွေကို ဖမ်းတယ်။ အသံတိတ်ပါတယ်ပေါ့၊ သပိတ်မှာပါတယ်ဆိုပြီး ဖမ်းတာ၊ ကားနဲ့ တင်ခေါ်သွားတယ်။ဖမ်းခံရတာက စျေးသည်တွေပါတယ်။ စျေးလာဝယ်သူလဲပါတယ်။ လမ်းမပေါ် ဆိုင်ကယ်နဲ့လာတဲ့သူတွေလဲ ပါတယ်’
အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားသူတွေကို ကလေးအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ) ကို ကားနဲ့ခေါ်ဆောင်သွားပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ လတ်တလောမှာတော့ ဖမ်းဆီးခံရသူတွေရဲ့နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။
စစ်ကိုင်းတိုင်း၊ မုံရ်ာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှူးအသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်သူရဟာ မနေ့ကတည်းက ကလေးမြို့ကို ရောက်ရှိနေတာဖြစ်ပြီး စစ်အုပ်စုတပ်က မြို့ဝင်အထွက် လမ်းမကြီးတွေနဲ့ လမ်းကြိုလမ်းကြားတွေကိုပါမချန် ပိတ်ဆို့ကာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လုံခြုံရေးကတော့ တင်းကြပ်ထားတယ်။ ရွှေကျောင်းတော် ဘက်မှာလဲ လုံခြုံရေးတင်းကြပ်ထားတယ်။ ရွှေကျောင်းတော်ကနေဆို ဒကစကို ဝင်လို့ရတာဆိုတော့ အဲ့ဒီလမ်းမှာ လုံခြုံရေးချထားတယ်။ ကတုတ်ကျင်းတွေပါ တူးထားတယ်။ ပတ်ပတ်လည်မှာ “
ကလေးမြို့နယ်အတွင်းမှာ အာဏာသိမ်းလေးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြတာကြောင့် မတရားပုဒ်မတွေတပ်ကာ စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၂,၀၀၀ ကျော် ရှိနေပြီး ကလေးမြို့မရဲစခန်း၊ ခရိုင်တရားရုံး၊ ဒကစ၊ ထောက်ပို့တပ်နဲ့ ကလေးထောင် စတဲ့နေရာအသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



