အီသာရမ်/MFP ၊ ဒီဇင်ဘာ-၁၃
မကွေးတိုင်း ရေစကြိုမြို့နယ်က ဟင်္သာရွာကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFPကို ပြောပါတယ်။
စစ်အုပ်စုရဲ့ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ – ၁၀၁ ကနေ စက်တပ်လေထီးနှစ်စီးနဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာထဲကို တည့်တည့်ကျရောက် ပေါက်ကွဲတာကြောင့် ပြည်သူအမျိုးသားနှစ်ဦးသေဆုံးတယ်လို့ ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ပြည်သူကတော့ အမျိုးသားနှစ်ဦးလို့ပဲ သိရသေးတာခင်ဗျ၊ အသေးစိတ်ကိုတော့ ထပ်မေးကြည့်လိုက်ဦးမယ်ဗျ၊ အဲဒီရွာဘက်က ကျွန်တော်တို့ တော်လှန်ရေးတပ်တွေလည်း မရှိတော့ သေချာတော့ မေးကြည့်ရမယ်ဗျ”
စစ်အုပ်စုဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဟင်္သာကျေးရွာက တော်လှန်ရေးတပ်တွေ တပ်စွဲနေထိုင်နေတာမျိုး မရှိဘဲ အကြောင်းမဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဟင်္သာကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကို စစ်အုပ်စုဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာလည်း ကျေးရွာတစ်ရွာလုံးကို ဗုံးကြဲတိုက်ခိုက်မယ်လို့ အောင်ပွဲခံ ဝါဒဖြန့်ခြိမ်းခြောက်ထားပါတယ်။
ပခုက္ကူတပ်မ ၁၀၁ က စက်တပ်လေထီးတွေက မြိုင်နယ်၊ပေါက်နယ်နဲ့ ရေစကြိုနယ်တို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေသလို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ပခုက္ကူတပ်မ ၁၀၁ က တက်လာပြီး ပေါက်နယ်ကို ဗုံးကြဲရာမှာ စက်တပ်လေထီးနှစ်စင်းထဲက တစ်စင်းပျက်ကျသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



