စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မော်လိုက်နယ် တိုက်ပွဲ စစ်အုပ်စု အလောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိ၊

ယာယီစွန့်ခွာထားတဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ပြန် တိုက်ခိုက်သိမ်းပိုက်တာဖြစ်၊

ယာယီစွန့်ခွာထားတဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ပြန် တိုက်ခိုက်သိမ်းပိုက်တာဖြစ်၊

ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၁၅

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီးရှိ တော်လှန်ရေးတပ်တွေ ယာယီစွန့်ခွာခဲ့ရတဲ့ စခန်းကုန်းကို ဒီဇင်ဘာ ၁၄ရက် မနေ့က ပြန်လည် တိုက်ခိုက်ရာ စခန်းကုန်းကို ပြန်လည် သိမ်းပိုက်နိုင်သလို စစ်အုပ်စု အလောင်းနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရရှိတယ်လို့ ဒေသခံတော်လှန်ရေး အင်အားစု Mawlaik Revolution က သတင်းထုတ်ပြန်ပါတယ်။

မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီးရှိ တော်လှန်ရေး တပ်တွေ အခြေပြုရာ စခန်းကုန်းဖြစ်တဲ့ ဒေသအ‌ခေါ်  ရန်ကင်းတောင်ကို ဒီဇင်ဘာ ၉ရက် မနက်ပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက အင်အားသုံး စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွာခဲ့ရပြီး ဒီဇင်ဘာ ၁၄ရက်မှာ စခန်းကုန်းကို ပြန်လည် တိုက်ခိုက် သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းကုန်းပြန်ရရေး တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ စစ်အုပ်စု ၃၀ လောက် ဆွတ်နန်းရွာဘက် ထွက်ပြေးလို့ စခန်းကုန်းကို ပြန်လည် သိမ်းပိုက်ရရှိပြီး ၁၂၂မမ ရှော့တိုက်ဒုံး ခုနှစ်လုံး၊ MA1 တစ်လက်၊ MA3 တစ်လက်၊ MA15 တစ်လက်၊ G3 တစ်လက်၊ ကျည်ဘောက်၊ ကျည်နဲ့ စစ်အုပ်စု အလောင်း ခြောက်လောင်း သိမ်းဆည်း ရရှိခဲ့တယ်လို့ Mawlaik Revolution က ဖော်ပြပါတယ်။

မော်လိုက်ခရိုင်ထဲက စစ်အုပ်စု စခန်းတွေကို သိမ်းပိုက်နိုင်ရေး ပြီးခဲ့တဲ့ ဩဂုတ်လကနေ နိုဝင်ဘာလကုန်ပိုင်းအထိ တော်လှန်ရေးတပ်တွေက သိမ်းငှက်စစ်ဆင်ရေး ဆင်နွှဲခဲ့ရာ စစ်အုကပ်စုနဲ့ ပျူစောထီးတွေ အခြေပြုရာ စခန်း ရှစ်ခုကို သိမ်းပိုက်နိုင်ပြီး ကျေးရွာ ၁၇ ရွာကို စိုးမိုး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံပြည်သူတွေ စပါးရိတ်သိမ်းချိန်ဖြစ်ပြီး စစ်ဘေးရှောင်ရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် သိမ်းငှက်စစ်ဆင်ရေးကို နိုဝင်ဘာ ၂၄ရက်က စတင်ကာ ရက်အကန့်အသတ်မရှိ ရပ်နားတယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားကြောင်း Mawlaik Revolution က ဆိုပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်တွေ ရပ်နားပြီးနောက် မော်လိုက်နယ်ထဲ စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၆ရက်မှာ မော်လိုက်မြို့နယ် မော်လိုက်ကလေးကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မော်လိုက်နယ် ဆွတ်နန်းရွာအနီး စခန်းကုန်းသိမ်းတိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – Mawlaik Revolution

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button