ချင်းညီနောင်၊ BPLA၊ KNDF စတဲ့ တပ်တွေ အပါအဝင် တော်လှန်ရေးတပ် ၁၉ဖွဲ့ ပါတဲ့ SRA ဖွဲ့စည်း၊
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး အတူတကွ တိုက်ပွဲဝင်မည်၊

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး အတူတကွ တိုက်ပွဲဝင်မည်၊
နွေဦး/ MFP ၊ ဒီဇင်ဘာ – ၁၅
ချင်းညီနောင် – CB၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် – BPLA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF စတဲ့ အင်အားကြီး တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ ပူးပေါင်းပါဝင်တဲ့ နွေဦးတော်လှန်ရေး တပ်ပေါင်းစု – SRA (Spring Revolution Alliance) ကို စတင်ဖွဲ့စည်းကြောင်း SRA က သတင်းထုတ်ပြန်ပါတယ်။

SRA တပ်ပေါင်းစု ဖွဲ့စည်းနိုင်ဖို့ ၂၀၂၅ မေလမှာ စတင်ညှိုနှိုင်းခဲ့ပြီးနောက် နိုဝင်ဘာလ ၂၃ ရက်မှာ စတင် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ SRA က ဒီနေ့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၄ ရက်မှာ ကနဦးအဖွဲ့ ၁၄ ဖွဲ့နဲ့ စတင်ဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက်တွေကနေ တပ်ပေါင်းစု ဖြစ်မြောက်ရေးညီလာခံကို နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးမှုကတဆင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance -SRA) ကို အဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် SRA အနေနဲ့ တပ်ပေါင်းစုအတွင်းကို မပါဝင်နိုင်သေးတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကိုလည်း မူဝါဒ သတ်မှတ်ချက်တွေနဲ့အညီ ထပ်မံ ဖိတ်ခေါ်မယ်လို့ ဆိုပါတယ်။
SRA တပ်ပေါင်းစု အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး အတူတကွ တိုက်ပွဲဝင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



