အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့နေတယ်လို့ MNDAA နဲ့ TNLA ထုတ်ပြန်၊
နန်းယု / MFP၊ ဒီဇင်ဘာ – ၁၇
နိုင်ငံတစ်ဝန်းမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျုးလွန်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေဟာ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့နေတာလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ် (MNDAA)တို့က ဒီဇင်ဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့လူ့အခွင့်ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ဆေးကုသမှုခံယူနေတဲ့ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိူးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် အရပ်သားပြည်သူ ၃၃ ဦး နေရာမှာတင်သေဆုံးခဲ့ပြီး ၇၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ကိုးဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်ဖြစ်ရပ်တွေအပေါ် TNLAနဲ့MNDAAတို့က ကန့်ကွက်ရှုံ့ချကြောင်း ထုတ်
ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် လေကြောင်းက ဗုံးကြဲသတ်ဖြတ်တာတွေအပါဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးရပ်တန့်စေရေးအတွက် ကူညီဆောင်ရွက်ပေးကြဖို့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံအစိုးရတွေကိုပါ တောင်းဆိုထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုက စစ်ရှုံးနယ်မြေတွေပြန်ရဖို့အတွက် နိုင်ငံတဝန်းက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စိုးမိုးနယ်မြေတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာကြောင့် ဒေသခံပြည်သူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာတွေ ရရှိနေသလို သာသနိက အဆောက်အအုံတွေအပါဝင် နေအိမ်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးနေတာဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



