စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ရွှေဘို-မြစ်ကြီးနားလမ်းရှိ ခရီးသွားတွေ ပိတ်မိနေတဲ့နေရာကို စစ်အုပ်စုက ဗုံးကြဲသတ်၊

ခရီးသွားပြည်သူတွေ သေဆုံး၊ ဒဏ်ရာရ၊

နန်းယု/MFP၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ခရီးသွားပြည်သူတွေ ပိတ်မိနေတဲ့ နေရာကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက် မွန်းလွဲပိုင်း ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာ – ရဟတ်ယာဉ်ငယ်တွေနဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်းထုတ်ပြန်ပါတယ်။

“ယာဥ်ကြောပိတ်ဆို့၍ လူစုလူဝေး ဖြစ်နေသော၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သား အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် စစ်တပ်မှ ရက်စက်စွာ ဂျက်ဖိုက်တာ လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးတို့ဖြင့် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်” လို့ ခင်ဦးမြို့နယ် ပအဖ က ဖော်ပြပါတယ်။

ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ပြည်သူတွေ မဖြတ်သန်းနိုင်အောင် ဒီဇင်ဘာ ၈ရက်က စတင်ကာ အာဏာသိမ်း စစ်အုပ်စုက ပိတ်ဆို့ထားလို့ ကားအစီးရေ ထောင်နဲ့ချီကာ ပိတ်မိနေပြီး အဲ့ဒီ ပိတ်မိနေတဲ့ ကားတန်းကို စစ်အုပ်စုက ဗုံးလိုက်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ရက် ဒီကနေ့ မနက် ၁၁နာရီကနေ မွန်းလွဲ ၁နာရီကျော်အထိ ခင်ဦးမြို့နယ်ထဲ ပိတ်မိနေတဲ့ ကားတန်းကို စစ်အုပ်စုက တိုက်လေယာဉ် လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ် ပအဖ က ဆိုပါတယ်။

“စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများအပေါ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ရက်စက်စွာ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာများနှင့် တစ်ဦး (မီးလောင်) သေဆုံးမှုများ ရှိခဲ့ပြီး၊ ဗျူဟာလမ်းပိုင်းပေါ်ရှိ ယာဥ်ကြော ပိတ်ဆို့နေသော ကုန်စည်၊ ခရီးသွား၊ ဆီဘောက်ဆာ စသည့် ယာဥ်တန်းများ၊ ဆိုင်ခန်းများ ထိခိုက်ပျက်စီး (မီးလောင်) ဆုံးရှုံးခဲ့ရပါသည်”

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က မြေနီရှိုလမ်းဆုံကို အဓိက ပစ်မှတ်ထားကာ အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

တိုက်လေယာဉ်ပေါ်ကနေ ရော့ကတ်နဲ့ ပစ်ခတ်ပြီးနောက် ပေါင် ၃၀၀ ဗုံးတွေ ကြဲချခဲ့တာ ဖြစ်ပြီး ကားလမ်းပိတ်လို့ လမ်းဆုံက စက်သုံးဆီဆိုင်မှာ စတားလင့်ခ်အင်တာနက် အသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးတာလို့ မျက်မြင်ကြုံလိုက်ရတဲ့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“လေကြောင်းတက်လာတယ်လို့ အသိကလာပြောပြီး ပြောတဲ့သူက ခြံပြင်မရောက်သေးဘူး ဂျက်ဖိုက်တာနဲ့ ကြဲသွားပြီ။ မျက်စိရှေ့တင် လည်ပင်းပြတ်သေတာ တစ်ဦး ဗိုက်ပေါက်ထွက်တာက တစ်ဦးပါ။ ရော့ကတ်တွေနဲ့ ပစ်သွားတော့ ဆီပေပါလေးလုံးကလည်း ချက်ချင်းကို မီးလောင်သွားတာ။ ကျွန်တော်တို့လည်း အနားကို ကပ်မရဘူး။ ဂျိုင်ရိုကော်ပတာတွေပါ တက်လာတော့ နောက်ဆုတ် ထွက်ပြေးလာရတယ်။ အခုထိအလောင်းမကောက် နိုင်ကြသေးသလို မီးလည်းမငြိမ်းနိုင်သေးဘူး”

စစ်အုပ်စု ဗုံးကြဲပစ်ခတ်လို့ ခရီးသွားတွေနဲ့ မီးလောင်ကျွမ်းနေတာတွေကို ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ်၊ ကျီကျင်းရွာရှိ ဗျူဟာလမ်းပေါ်မှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုဟာ ဒီဇင်ဘာ ၈ရက်က စလို့ လမ်းပိတ်ထားပြီး ယနေ့အချိန်ထိ ခရီးသွားတွေကို ဖြတ်သန်းသွားလာခွင့် မပေးသေးဘဲ ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ယမန်နေ့ ဒီဇင်ဘာ ၁၇ရက်ကလည်း စစ်ကိုင်း – ရွှေဘိူ – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ဝက်လက်မြို့နယ်အတွင်း ပိတ်မိနေတဲ့ ခရီးသွားကားတန်းကို အထက်ပါအတိုင်း တိုက်လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ခရီးသွားပြည်သူ ရဟန်းသံဃာနဲ့ အဖွားအိုတွေ အပါအဝင် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။

ခင်ဦးနယ်၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို အာဏာသိမ်း စစ်အုပ်စုက ပိတ်ဆို့ထားပြီးနောက် ခရီးသွားတွေ စုဝေးရာနေရာကို ဗုံးလိုက်ကြဲ သတ်ဖြတ်လို့ မီးလောင်နေစဉ်/Photo – ခင်ဦး ပအဖ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button