နွေဦး၊ ထင်လင်း/ MFP၊ ဒီဇင်ဘာ – ၁၉
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနားဗျုဟာလမ်းမပေါ်နဲ့ အမှတ်-၃ လမ်းဆုံက စစ်ရှောင်တွေ ထွက်ပြေးနေတဲ့ လမ်းမတွေကို ဒီဇင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆယ်ဦးထက်မနည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်ဟာ မန္တလေးတိုင်း စဉ့်ကုးမြို့နယ်၊ သပိတ်ကျင်းစတဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကနေ စစ်ကိုင်းတိုင်းက ခင်ဦး၊ ရွှေဘို၊ ကန့်ဘလူစတဲ့ နေရာတွေကို ရွှေ့ပြောင်းလာတဲ့ စစ်ရှောင်တွေကို လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်ကတော့ အမှတ်-၃ လမ်းမအနီးက သင်ပေါင်းလမ်းဆုံကို ဧရာ၀တီမြစ်တစ်ဖက်ကမ်း သပိတ်ကျင်းမြို့နယ် ချောင်းသလဲဆိပ်ကမ်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာခန့်လိုက်ပါလာတဲ့ စက်လှေကို လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်ပစ်ခတ်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် ခုနစ်ဦးသေဆုံးခဲ့ပြီး ခရီးသည်တင်ကားတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ဆယ်နဲ့ချီရှိနေပြီး ဆေးကုသဖို့အတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းမှာတော့ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်က ခင်ဦးလမ်းဆုံ(မြေနီရှို)အနီးက ခရီးသွားနဲ့စစ်ရှောင်တွေ စတားလင့်ခ်အင်တာနက် ဝိုင်းသုံးနေကြတဲ့ အောင်ဇေဆီခြံကို လေကြောင်းကနေ ရှစ်ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က သတင်းထုတ်ပြန်ပါတယ်။
အမှတ်-၃ လမ်းမအနီးမှာ ရောက်ရှိနေတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လေကြောင်းပစ်ခတ်ခံရပြီးနောက် ခင်ဦးလမ်းဆုံကို ရွှေ့ပြောင်းလာခဲ့ရာကနေ ထပ်မံပစ်ခတ်ခံကြရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့မနက်မှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ လမ်းဘေးဝဲယာက လေကြောင်းရန်ကင်းလွတ်မယ် ထင်တဲ့နေရာတွေမှာ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မန္တလေးစစ်ရှောင်တွေက တအားများတာကိုး၊ လမ်းတလျှောက် ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနဲ့ ရှိနေတာ။ နေပူရတဲ့အထဲ ကွန်ကရစ်တံတားအောက်တွေမှာ လိုက်ပုန်းနေကြရတာ၊ ညဘက်တွေဆိုလည်း ဆိုင်ကယ်လေးတွေ ဘေးထိုးပြီး ခွေခေါက်အိပ်နေကြတာ”
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်အများစုဟာ မန္တလေးတိုင်း စဉ့်ကူးနဲ့သပိတ်ကျင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာကြသူတွေဖြစ်ပြီး လတ်တလောမှာတော့ စစ်အုပ်စုရဲ့လေကြောင်းရန်ကြောင့် ဗျုဟာလမ်းမမှာ ပိတ်မိနေကြတာလို့ သူက ဆိုပါတယ်။
အဲဒီဗျုဟာလမ်းမကို ကန့်ဘလူနယ် ကျီကျင်းစစ်အုပ်စု အထိုင်စခန်းနဲ့တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကတည်းက ဖြတ်သန်းသွားလာခွင့် အပြန်အလှန်ပိတ်ဆို့ထားတာကြောင့် အတက်အဆင်းကား အစီးရေ ထောင်ချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



