စစ်ကိုင်းမန္တလေးသတင်းအညာမြေ တော်လှန်ရေး

စဉ့်ကူးနဲ့သပိတ်ကျင်းကနေ မြစ်ကူးကာ စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို စစ်အုပ်စု လိုက်လံ ဗုံးကြဲ သတ်ဖြတ်၊

PDF တွေမို့ ဗုံးလိုက်ကြဲသတ်နေတာလို့ စစ်အုပ်စု အောင်ပွဲခံသတင်းဖြန့်၊

သုံးရက်အတွင်း ​ပြည်သူ ၂၀ ခန့် သေဆုံးကာ ကားအစီးရေ ဆယ်ချီပျက်စီး၊

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၀

မန္တလေးတိုင်း၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက လိုက်လံ ဗုံးကြဲ သတ်ဖြတ်လို့ သုံးရက်အတွင်း စစ်ဘေးရှောင်တွေ၊ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိပြီး ကားအစီးရေ ဆယ်နဲ့ချီ ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေ နှစ်နဲ့ချီကြာ သိမ်းပိုက်ထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်က စစ်ခန်းတွေ၊ မြို့၊ရွာတွေ ပြန်ရရေး ကြိုးစားနေတဲ့ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ တွေ့သမျှပြည်သူ ဖမ်းဆီး သတ်ဖြတ်နေသလို မြို့၊ရွာတွေပေါ် တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတာကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘို၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တွေထဲ စစ်ဘေးရှောင် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ရက်အထိ သုံးရက်အတွင်း စစ်ဘေးရှောင်ပြည်သူနဲ့ ခရီးသွားတွေ စုဝေးနေတဲ့ ဧရာဝတီမြစ်ဆိပ်တွေ၊ ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦးနယ်ထဲက လမ်းဆုံလမ်းမတွေကို စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ အကြိမ်ရေ ဒါဇင်နဲ့ချီကာ  လေကြောင်းတိုက်ခိုက်လို့ ရဟန်းသံဃာနဲ့ အမျိုးသမီးတွေ အပါအဝင် လမ်းပေါ်မှာ သေဆုံးတဲ့ ပြည်သူ ၂၀ ခန့် ရှိပါတယ်။

စစ်အုပ်စုက ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းကို ဒီဇင်ဘာ ၈ရက်ကတည်းက ခရီးသွားတွေ ဖြတ်သန်းခွင့် မပေးတော့ဘဲ ပိတ်ဆို့ထားပြီးနောက် အထက်ပါအတိုင်း လမ်းဆုံလမ်းမတွေကို လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပြီး လမ်းပေါ် ပိတ်မိနေတဲ့ ခရီးသွားနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လေကြောင်းအန္တရာယ်က ကင်းလွတ်မယ်ထင်တဲ့နေရာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

“မန္တလေးစစ်ရှောင်တွေက တအားများတာကိုး၊ လမ်းတလျှောက် ဟိုနေရာတစ်စု၊ ဒီနေရာတစ်စုနဲ့ ရှိနေတာ။ နေပူရတဲ့အထဲ ကွန်ကရစ်တံတားအောက်တွေမှာ လိုက်ပုန်းနေကြရတာ၊ ညဘက်တွေဆိုလည်း ဆိုင်ကယ်လေးတွေ ဘေးထိုးပြီး ခွေခေါက်အိပ်နေကြတာ” လို့ ခင်ဦးနယ်ခံ တစ်ဦးက MFP ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်က မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်နှစ်စီးနဲ့ ရွှေဘိုနယ် အရှေ့မြောက်ခြမ်း မအူလမ်းခွဲထိပ်၊ အမှတ် ၃ လမ်းမပေါ်ကို ငါးကြိမ်၊ ရွှေဘိုနယ် အရှေ့တောင်ခြမ်း ဂွေးကုန်းရွာအနီးကို လေးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ခရီးသွားကားသမား နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ အဲ့ဒီနောက် မိနစ်ပိုင်းသာ ခြားပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ သုံးစီး၊ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံပြီး ရွှေဘိုနယ် ဂွေးကုန်းရွာအနီးကို ၁၀ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ရာ ခရီးသွားလာနေတဲ့ ဘုန်းတော်ကြီး တစ်ပါးနဲ့ အဖွားအိုတစ်ဦး အပါအဝင် အရပ်သားပြည်သူ လေးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်မှာလည်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ကနေ ဧရာဝတီမြစ်ကူးကာ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာကြတဲ့ ပြည်သူတွေကို ခင်ဦးမြို့နယ်ဘက်ခြမ်း၊ ကျောက်ကြီးနဲ့ ချောင်းသလဲ မြစ်ကူးဆိပ်တွေမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်လို့ စစ်ဘေးရှောင် ပြည်သူ အနည်းဆုံး ခုနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်း ရှိပြီး ခရီးသွားကား ဒါဇင်နဲ့ချီ ပျက်စီးခဲ့တယ်လို့လည်း မြင်တွေ့ခဲ့သူတွေက MFP ကို ပြောပါတယ်။

ဆက်လက်ပြီး ဒီဇင်ဘာ ၁၈ရက်မှာလည်း ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ခင်ဦးမြို့နယ် မြေနီသျှို လမ်းဆုံနဲ့ လက်ပံကုန်းရွာ တဝိုက်ကို စစ်အုပ်စုက ဂျက်ဖိုက်တာ လေးစီး၊ ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ အကြိမ်ကြိမ် ဗုံးကြဲ၊ စက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်

မြေနီသျှိုလမ်းဆုံ ဗုံးကြဲခဲရမှုအတွင်း ကားလမ်းပိတ်မိနေလို့ အနီးအနားက စက်ဆုံးဆီဆိုင်မှာ စတားလင့်အင်တာနက် အသုံးပြုနေကြတဲ့ ခရီးသွားပြည်သူတွေထဲက တစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရပြီး လမ်းပေါ်မှာ ပိတ်မိနေတဲ့ ခရီးသွားကား အမြောက်အများ ထိခိုက်ပျက်စီးတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ထားပါတယ်။

“ဂျက်ဖိုက်တာက ပထမ တစ်ပါတ်၊ နှစ်ပါတ်၊ သုံးပတ် ဝဲပြီးတော့ ဆီခြံထဲကို (ဗုံး) ချသွားတာ။ မီးတွေ အကုန်လောင်သွားတာ။ ဒီဘက်မှာ ဘာမှလည်း မရှိဘဲနဲ့ လာချသွားတာ။ အဲ့ဒီဘက် (ဆီခြံ)က Wifi(ဝိုင်ဖိုင်) ရှိတဲ့ဘက်ကို သုံးခါ ချသွားတာ” လို့ ကိုယ်တိုင်မြင်တွေ့ရသူ ဒေသခံအမျိုးသမီးက ပြောပါတယ်။

စစ်အုပ်စုက ဆီခြံကို အဓိကပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ပြီး ပထမဆုံး လေယာဉ် စက်သေနတ်နဲ့ ပစ်ခတ်ပြီးမှ ဗုံးကြဲတာလို့ ကိုယ်တိုင်ကြုံရသူ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

“လေကြောင်းတက်လာတယ်လို့ အသိကလာပြောပြီး ပြောတဲ့သူက ခြံပြင်မရောက်သေးဘူး ဂျက်ဖိုက်တာနဲ့ ကြဲသွားပြီ။ မျက်စိရှေ့တင် လည်ပင်းပြတ်သေတာ တစ်ဦး ဗိုက်ပေါက်ထွက်တာက တစ်ဦးပါ။ ရော့ကတ်တွေနဲ့ ပစ်သွားတော့ ဆီပေပါလေးလုံးကလည်း ချက်ချင်းကို မီးလောင်သွားတာ။ ကျွန်တော်တို့လည်း အနားကို ကပ်မရဘူး။ ဂျိုင်ရိုကော်ပတာတွေပါ တက်လာတော့ နောက်ဆုတ် ထွက်ပြေးလာရတယ်” လို့ ဆီခြံလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။

အဲ့ဒီ ဒီဇင်ဘာ ၁၈ရက် ညပိုင်းမှာပဲ စစ်အုပ်စုက ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်ရာ ရွာခံပြည်သူ အမျိုးသားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက ဗုံးကြဲလို့ ဒီဇင်ဘာ ၁၆ရက်က ရွှေဘိုနယ်မှာ ခြောက်ဦး၊ ဒီဇင်ဘာ ၁၇ရက်က ခင်ဦးနယ် မြစ်ကူးဆိပ်တွေမှာ ခုနှစ်ဦးထက်မနည်း၊ ဒီဇင်ဘာ ၁၈ရက်ကခင်ဦးနယ် လမ်းဆုံလမ်းမနဲ့ ကျေးရွာတွေမှာ နှစ်ဦးထက်မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဝက်လက်နယ်ကိုလည်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်နေပြီး ဒီဇင်ဘာ ၁၈ရက် ညဦးပိုင်းက ဝက်လက်နယ် ဆည်တောရွာကို မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ မိသားစုလိုက်အပါအဝင် ရွာခံပြည်သူ လေးဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

အထက်ပါ အချက်အလက်တွေဟာ MFP က စုစောင်းရရှိတဲ့ အချက်အလက်တချို့သာ ဖြစ်ပြီး အတည်ပြုမရနိုင်သေးတဲ့ ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်ပါတယ်။

စစ်အုပ်စုဟာ ရွှေဘိုနဲ့ ခင်ဦးမြို့နယ် သာမက နယ်မြေထိစပ်နေတဲ့ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနဲ့ တန့်ဆည် စတဲ့ မြို့နယ်တွေကိုလည်း မြေပြင်တိုက်ပွဲ မရှိဘဲ ယခုရက်ပိုင်း ထင်တိုင်းကျဲ လေကြောင်း တိုက်ခိုက်နေပြီး နေ့ညမရှောင် ဗုံးလာကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် – NLTA ရဲ့ အဆိုအရ ဒီဇင်ဘာ ၁၂ရက်ကနေ ၁၈ ရက်အထိ တစ်ပါတ်တာအတွင်း စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ရွေဘို၊ မုံရွာနဲ့ ယင်းမာပင် လေးခရိုင်ထဲက ၁၁မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၆ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၆၂ ကြိမ် ကျူးလွန်ခဲ့ပါတယ်။

အထက်ပါ မန္တလေးတိုင်းကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်တဲ့ ပြည်သူတွေကို ဗုံးလိုက်ကြဲ သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး PDF တွေမို့ လိုက်လံ သတ်ဖြတ်ခဲ့တာလို့ စစ်အုပ်စုက ဒီဇင်ဘာ ၁၉ရက်မှာ နိုင်ငံပိုင် ရုပ်သံတွေကတဆင့် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး နိုဝင်ဘာလကလည်း နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်ခဲ့ကာ ကလေးသူငယ် ၃၀ ကျော် အပါအဝင် ပြည်သူ ၁၃၀ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။

စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် နေကြတဲ့ ပြည်သူတွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၆နဲ့ ၁၇ရက်တွေမှာ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – MFP၊ ပေးပို့

PDF တွေမို့ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့ကြောင်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button