မန္တလေးသတင်း

မန္တလေးမှာ အမှိုက်ကန်ထဲ စွန့်ပစ်ခံရတဲ့ မွေးကင်းစ ကလေးငယ် ကယ်ဆယ်ခံရပြီး မွေးစားခံရ၊

ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၀

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာမြို့သစ်ရှိ လမ်းဘေး အမှိုက်ကန်ထဲမှာ ဒီဇင်ဘာ ၁၁ရက်က စွန့်ပစ်ထားတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးကို တွေ့ရှိလို့ ကယ်ဆယ်ခဲ့ပြီး ဒီဇင်ဘာ ၁၉ရက်မှာ မွေးစားမိဘ ပေါ်ထွက်လာလို့ စာချုပ်စာတမ်းနဲ့တကွ ကလေးကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ မြရည်နန္ဒာ လူမူကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။

“ယနေ့ (ဒီဇင်ဘာ၁၁)မနက် ၆ နာရီအချိန်မှာ ၅၈ လမ်း၊ ၁၁၂ A လမ်းထောင့် အမှိုက်ကန်ထဲသို့ မွေးကင်းစ ကလေးငယ် တစ်ဦး တွေ့ရှိကြောင်း သွားရောက်ကူညီရာ ကလေးငယ်မှာ အဝတ်စားမပါ ချက်ကြိုး တန်းလန်းဖြင့် ရာသီဥတုရဲ့ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး ပြာနှမ်းနေပြီး ကလေးမှာ လှုပ်သေးသည့်အတွက် နီးစပ်ရာ အေးမြမေတ္တာ ဆေးရုံသို့ လိုအပ်သည်များ ပြုလုပ်နိုင်ရန်အတွက် တာဝန်ခံ ဆရာမများမှ ကလေးအား အပူပေးခြင်းများ ချက်ကြိုးဖြတ်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကလေးမှာ အသက်ရှင်သွားသည့်အတွက် အသင်းရုံးမှာ စောင့်ရှောက်ကူညီထားလိုက်ပါသည်” လို့ မြရည်နန္ဒာ လူမူကယ်ဆယ်ရေးအဖွဲ့က လူမူကွန်ယက်မှာ ဖော်ပြပါတယ်။

ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး ကျန်းမာတယ်လို့လည်း ဆိုပါတယ်။ ကလေးငယ်ကို ကယ်ဆယ်ပြီး ရက်သတ္တပတ်အကြာ ဒီဇင်ဘာ ၁၉ရက်မှာ မွေးစားမိဘ ပေါ်လာလို့ စာချုပ်စာတမ်းနဲ့တကွ လွှဲပြောင်း ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

“(ဒီဇင်ဘာ ၁၉ရက်) သမီးလေးအား လွှဲပြောင်းမွေးစားခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်။ ကျွန်တော်တို့ အဖွဲ့အနေဖြင့် သမီးလေးအား ကျန်းမာစွာ စောင့်ရှောက်ထား၍ ကျန်းမာလာသည့်အတွက် မွေးစားခွင့် တောင်းခံလာသော မိဘများ များနေသော်လည်း ကလေးဘဝ ရှေ့ရေး သုံးသပ်၍ ကလေးနဲ့ အဆင်ပြေမဲ့ မွေးစားမိဘများအား အချက်အလက် စစ်ဆေးပြီး စိတ်ချရသော ကျောင်းဆရာမ ဇနီးမောင်နှံအား မွေးစားခွင့် ပြုအပ်လိုက်ပါသည်”

ကလေးကို မွေးသားသူတွေဟာ ကျောင်းဆရာတွေ ဖြစ်ပြီး သားသမီးမရှိ၊ မွေးချင်းမောင်နှမလည်း မရှိဘဲ ကလေးကို အမွေစားအမွေခံအဖြစ် မွေးစားတာဖြစ်တယ်လို့လည်း မြရည်နန္ဒာ လူမူကယ်ဆယ်ရေး အဖွဲ့က အသိပေးဖော်ပြထားပါတယ်။

“အခုလိုလေး သား၊သမီး မရနိူင်တဲ့သူတွေဆီ မွေးစားခံရတာ မိဘမဲ့ဂေဟာတွေဆီ ရောက်တာထက် ပိုအဆင်ပြေမယ် ထင်တာပဲ” လို့ မြို့ခံ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုပါတယ်။

မန္တလေးမြို့မှာ မွေးကင်းစကလေး စွန့်ပစ်မှုတွေ မကြာခဏ တွေ့ရလေ့ရှိပြီး ကလေးငယ်အများစုက ဆုံးပါးသွားလေ့ရှိတယ်လို့ မြို့ခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ရက်က အမှိုက်ကန်ထဲ စွန့်ပစ်ထားလို့ ကောက်ယူကယ်ဆယ်ခဲ့တဲ့ မွေးကင်းစကလေးငယ်နဲ့ ဒီဇင်ဘာ ၁၉ရက်မှာ မွေးစားမိဘတွေထံ လွှဲအပ်နေစဉ်/Photo – မြရည်နန္ဒာ လူမူကယ်ဆယ်ရေးအဖွဲ့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button