စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဝန်းသိုတိုက်ပွဲ စစ်အုပ်စု ခုနှစ်ယောက် ဖမ်းမိကာ အလောင်းနဲ့ လက်နက်တွေ ရ၊

တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊

တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊

ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ မီးရှို့နေတဲ့ စစ်အုပ်စုကို ဒီဇင်ဘာ ၂၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် ဖမ်းမိကာ အလောင်း သုံးလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးပဖွဲ့ – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ လက်အောက်ခံ၊ ဝန်းသိုမြို့နယ် အခြေပြု ဖြေမြန်တပ်ရင်း – ခမရ ၁၂၀ ကနေ အင်အား ၈၀ လောက်နဲ့ ဝန်းသိုနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ဒီဇင်ဘာ ၂၁ရက်က ညောင်ပင်သာရွာအနီးမှာ ကောလင်းခရိုင် PDF တပ်ရင်း ၄ ဒု-တပ်ရင်းမှူး ဗိုလ်ငရဲ ဦးစီးတဲ့ တပ်ရင်းရဲဘော်တွေနဲ့ ဝန်းသိုမြို့နယ် ပကဖ တိုက်ခိုက်‌ရေး ရဲဘော်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စု အများအပြားဟာ ဝန်းသိုနယ် ကျောက်တိုင်ရွာ စခန်းရှိရာဘက် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပြီး တော်လှန်ရေးတပ်တွေ အနေနဲ့ စစ်အုပ်စု အလောင်း သုံးလောင်း ရရှိသလို လက်နက် ၁၀ လက်နဲ့ ခဲယမ်းတချို့လည်း သိမ်းဆည်း ရရှိပြီး သုံ့ပန်းခုနှစ်ယောက်လည်း ဖမ်းမိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲမဖြစ်မီ ဝန်းသိုနယ် သြဂကျေးရွာနဲ့ အာမခံကျေးရွာတို့ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်ပင်သာရွာထဲ စီးနင်းလုယက်နေချိန် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်တာလို့ ဝန်းသို ပကဖ က ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ဝန်းသို ပကဖ ရဲဘော် ပကဖ မြွေပွေး ကျဆုံးတာလို့ ဆိုပါတယ်။

ဖမ်းမိသူ ခုနှစ်ဦးထဲ ဒု-တပ်ကြပ် (တစ်ရစ်)အဆင့် တစ်ယောက် ပါဝင်ပြီး ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူတွေ မဟုတ်ဘူးလို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

ဝန်းသိုမြို့မှာ စစ်အုပ်စုရဲ့ ခမရ ၁၂၀ နဲ့ ခမရ ၁၁၁ တပ်ရင်းတွေ ရှိပြီး ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားစဉ်အတွင်း အဲ့ဒီ ဝန်းသိုမြို့ရှိ စစ်အုပ်စုက ပြည်သူတွေကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို ကောလင်းမြို့ကို စစ်အုပ်စု ပြန်ရပြီးနောက်မှာလည်း ပြည်သူတွေကို ဖမ်းဆီး၊သတ်ဖြတ်၊ အိမ်မီးရှို့ကာ တန်ဘိုးရှိ ပစ္စည်းတွေကို ဝန်းသိုမြို့က တပ်ရင်းတွေ ခိုးယူသယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်းသိုနယ် ညောင်ပင်သာရွာအနီး တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်အုပ်စုနဲ့ သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – CJ

(ယခုသတင်းအတွက် ပုံတွေကို MFP ဝက်ဘ်ဆိုက်နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button