ကောလင်းမှာ စစ်ဘေးရှောင်တွေ ခိုလှုံရာ စာသင်ကျောင်းတွေကို စစ်အုပ်စု နှစ်ရက်ဆက် ဗုံးကြဲ၊
စစ်အုပ်စုက စစ်ကိုင်းတိုင်းရှိ စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ လိုက်လံ ဗုံးကြဲ သတ်ဖြတ်နေ၊
စစ်အုပ်စုက စစ်ကိုင်းတိုင်းရှိ စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ လိုက်လံ ဗုံးကြဲ သတ်ဖြတ်နေ၊
ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၂
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ စာသင်ကျောင်းတွေကို အာဏာသိမ်း စစ်အုပ်စုက နှစ်ရက်ဆက် ဗုံးကြဲလို့ ကျောင်းဆောင်တွေ ပျက်စီးကာ စစ်ဘေးရှောင်ပြည်သူ ရှစ်ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၁ရက် မနေ့က ညနေပိုင်း မိတ္ထီလာမြို့ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ စစ်အုပ်စုက ကောလင်းမြို့အရှေ့ခြမ်း၊ မုတ်ဝကျေးရွာ စာသင်ကျောင်းကို လေးကြိမ် ဗုံးကြဲခဲ့ရာ ကျောင်းဆောင်တွေ ပျက်စီးပြီး ကျောင်းအတွင်း စစ်ဘေးရှောင်ခိုလှုံနေတဲ့ ပြည်သူ နှစ်ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၂ရက် ညနေပိုင်းမှာလည်း မန္တလေးမြို့၊ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စစ်အုပ်စုက ကောလင်းမြို့နယ်၊ အနောက်ခြမ်း နတ်အင်းကျေးရွာ စာသင်ကျောင်းနဲ့ နေအိမ်တွေကို ဗုံးကြဲချခဲ့ရာ ရွာခံပြည်သူ ခြောက်ဦး သေဆုံးပြီး နွားတစ်ကောင် သေဆုံးတယ်လို့ ဆိုပါတယ်။
“မြေပြင်စစ်ကြောင်းထိုးနှက်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း ပစ်ခတ်မှုကြောင့် အဆိုပါ ကျေးရွာတွင် နေထိုင်ကြသော ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး စာသင်ကျောင်းတစ်ကျောင်း ပျက်စီးကာ နွားတစ်ကောင် သေဆုံး” လို့ ဒေသခံမြေပြင်ကင်းထောက် Kawlin Revolution – KR က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ယခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ လိုက်လံ ဗုံးကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦးနဲ့ ကန့်ဘလူနယ်ထဲ ကားလမ်းတွေကို ပိတ်ဆို့ထားကာ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကနေ ဧရာဝတီမြစ်ကူးပြီး စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ၁၆ရက်ကနေ ၁၈ရက်အထိ သုံးရက်တာအတွင်း အကြိမ်ရေ ဒါဇင်နဲ့ချီ ဗုံးကြဲသတ်ဖြတ်ရာ ရဟန်းသံဃာ၊ အဖွားအို၊ ယာဉ်မောင်းတွေ အပါအဝင် စစ်ရှောင်ပြည်သူနဲ့ ခရီးသွားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲ့ဒီလို ကားလမ်းတွေ ပိတ်ဆို့ကာ လမ်းဆုံလမ်းမနဲ့ မြစ်ကူးဆိပ်တွေကို ဗုံးကြဲသတ်ဖြတ်တာနဲ့ ပတ်သက်ပြီး PDF တွေကို လိုက်လံ ဗုံးကြဲနေတာလို့ စစ်အုပ်စုက နိုင်ငံပိုင် ရုပ်သံတွေကတဆင့် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ဒီဇင်ဘာ ၁၇ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ တမာတောကျေးရွာ တိုက်နယ်ဆေးရုံကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် – NLTA ရဲ့ ဖော်ပြချက်အရ စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၂ရက်ကနေ ၁၈ ရက်အထိ တစ်ပါတ်တာအတွင်း စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကန့်ဘလူ၊ ရွေဘို၊ ခင်ဦး၊ ဝက်လက်၊ ရေဦး၊ ဒီပဲယင်း၊ မြင်းမူ၊ မုံရွာ၊ ကနီနဲ့ ယင်းမာပင်တို့ ၁၁မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၁၆ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၆၂ ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ် ကျူးလွန်လို့ ကလေးသူငယ် ၃၀ ကျော် အပါအဝင် အရပ်သား ပြည်သူ ၁၃၀ ဦး သေဆုံးကာ ၂၆၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ ၄၂ ကြိမ်နဲ့ အများဆုံး ဗုံးကြဲခဲ့ပြီး မန္တလေးတိုင်းထဲကို ၃၇ ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၂၀၀ ကျော် ကျူးလွန်ခဲ့ကာ အရပ်သား ပြည်သူ ၄,၄၇၀ ဦး သေဆုံးခဲ့တယ်လို့ NUG က ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
ကောလင်းနယ် မုတ်ဝရွာ စာသင်ကျောင်းကို ဒီဇင်ဘာ ၂၁ရက်မှာ စစ်အုပ်စုက ဗုံးကြဲခဲ့စဉ်/Photo – KR
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



