မြင်းခြံနဲ့ နွားထိုးကြီးနယ် ရွာသုံးရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့နေပြီး ရွာခံတချို့ကိုလည်း ဖမ်းဆီး၊ သတ်ဖြတ်နေ၊
မြင်းခြံနယ် အိုင်းမရွာကို စစ်အုပ်စုက နှစ်ရက်ဆက် စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေ၊
မြင်းခြံနယ် အိုင်းမရွာကို စစ်အုပ်စုက နှစ်ရက်ဆက် စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေ၊
MN/MFP ၊ ဒီဇင်ဘာ – ၂၃
မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အတွင်း စစ်အုပ်စုနဲ့ ပျုစောထီးတွေ ရွာစဉ်လှည့် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ကျေးရွာ သုံးရွာ မီးရှို့ခံထားရတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေက MFPကို ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က စတင်ကာ မြင်းခြံနဲ့ နွားထိုးကြီးနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံတချို့ကို ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးကာ သတ်ဖြတ်နေသလို ကျေးရွာတွေ စီးနင်း၊ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြင်းခြံမြို့နယ်အထဲက တလုပ်မြို့နဲ့ အိုင်းမရွာ၊ နွားထိုးကြီးမြို့နယ်အထဲက ခံစပ်ကုန်းရွာတွေကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့မြောက်ဘက်ရှိ တလုပ်မြို့ကျေးရွာက နေအိမ်တွေကို စစ်အုပ်စုက ဒီဇင်ဘာ ၂၁ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်မှာ အိုင်းမရွာကို စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံ ၁၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ရွာခံ တချို့ကိုလည်း သတ်ဖြတ်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက်ပိုင်းအထိ အိုင်းမရွာကို ဆက်လက် စီးနင်းထားကာ မီးရှို့နေပြီး ဓားစာခံ ဖမ်းဆီးခံထားရသူတွေလည်း ပြန်မလွှတ်သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
“တလုပ်(ရွာ)ကတော့ ဒီဇင်ဘာ ၂၁ ရက်က မီးရှို့တာ။ မနေ့ကတော့ အိုင်းမရွာကို မီးရှို့ပြီးတော့ ဒေသခံ ၁၀ ဦးလောက် အဖမ်းခံရတယ်။ ပြန်မလွတ်သေးဘူး။ သတ်ဖြတ်ခံရသူတွေလည်း ရှိတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ မနေ့ညကလည်း ဂျိုင်ရိုကော်ပတာနဲ့ အိုင်းမရွာထဲ ဗုံးသီး ချသွားသေးတယ်။ နောက်ပြီးတော့ မနေ့က နွားထိုးကြီးနယ်ထဲက ခံစပ်ကုန်း အရှေ့ရွာကိုလည်း သူတို့(စစ်အုပ်စု)တွေ မီးရှို့တယ်။ အိုင်းမရွာကတော့ ဒီကနေ့ထိ မီးရှို့နေတုန်း ရှိသေးတယ်”
အိုင်းမရွာခံတွေကို စစ်အုပ်စုက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို MFPအနေနဲ့ သီးခြား အတည်မပြု နိုင်သေးပါဘူး။
စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ တလုပ်မြို့ကျေးရွာဟာ အိမ်ခြေ ၂,၀၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ က ပထမတစ်ကြိမ်၊ ၂၀၂၅ ဩဂုတ်လမှာ ဒုတိယအကြိမ်၊ အခုတစ်ခေါက်မှာတော့ တတိယအကြိမ် မီးရှို့ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။
မြင်းခြံမြို့နယ်ထဲက စစ်အုပ်စု အထိုင်စခန်းတွေနဲ့ ပျူစောထီးစခန်းတွေဖြစ်တဲ့ ဆုံရွာစခန်း၊ မြင်းခြံမြို့ အရှေ့ဘက် အမှတ် ၁၈ ဂိတ်စခန်း၊ ကန်ရွာပျူစခန်း၊ နွားထိုးကြီးနယ်ထဲက ကံနှောင်းရွာ စခန်းစတဲ့ နေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ထဲက တိုက်ပွဲဖြစ်စဉ်တွေ နဲ့ပတ်သက်ပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကတော့ ဒီကနေ့ထိ သတင်းထုတ်ပြန်ထားတာ မရှိသေးပေမဲ့ ဆုံရွာပျူစခန်းတိုက်ပွဲမှာ တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ရှစ်ယောက် ကျဆုံးပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။
အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် မြင်းခြံနဲ့ နွားထိုးကြီးနယ်ကို စစ်အုပ်စုက စစ်ကြောင်းလိုက် လှည့်လည် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ထောင်သောင်းချီ နေရပ်စွန့်ခွာ စစ်ရှောင်နေရပြီး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း မြင်းခြံမြို့နယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေ စစ်ကြောင်းထိုးမီးရှို့ကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်လို့ အရပ်သားပြည်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ကျော် သေဆုံးကာ ရွာပေါင်း ၁၅ ရွာက အိမ်ခြေပေါင်း ၁၅၀၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်။
မြင်းခြံနယ် အိုင်းမရွာကို စစ်အုပ်စုက နှစ်ရက်ဆက် စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



