စဉ့်ကူးရှိ လက်ကျန် စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စု ဆက်လက် ထိုးစစ်ဆင်၊
သပိတ်ကျင်းနယ်က ရွှေတောနယ်မြေတွေလည်း စစ်အုပ်စု လက်ထဲ ပြန်ပါသွား၊
သပိတ်ကျင်းနယ်က ရွှေတောနယ်မြေတွေလည်း စစ်အုပ်စု လက်ထဲ ပြန်ပါသွား၊
စစ်အုပ်စု ရန်ကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး မပြေးနိုင်သူတွေ ဖမ်းဆီးပေါ်တာဆွဲ၊ သတ်ဖြတ်ခံရ၊
ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၃
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်း အားကိုးနဲ့ အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စဉ့်ကူး – သပိတ်ကျင်း ကားလမ်းပေါ်က ရှောက်ပင်ရိုးကျေးရွာ အထိ စစ်အုပ်စု ရောက်နေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၈ရက်မှာ စဉ့်ကူးမြို့ကို ပြန်ရသွားတဲ့ စစ်အုပ်စုဟာ မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း ကားလမ်းနဲ့ ဧရာဝတီမြစ်ရိုးကနေ အထက်ဘက်ကို ဆက်လက် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စဉ့်ကူးနယ် ရှောက်ပင်ရိုးကျေးရွာဟာ လက်ပံလှကျေးရွာရဲ့ မြောက်ဘက် လေးမိုင်ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၀ရက် ကတည်းက စစ်အုပ်စုတွေ ရှောက်ပင်ရိုးရွာအထိ ရောက်ရှိလာတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စဉ့်ကူး အနေအထားကတော့ ၂၀ ရက်နေ့တုန်းကတော့ ရှောက်ပင်ရိုး ရောက်သွားပြီ”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောပြီး စဉ့်ကူးနယ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ နယ်မြေအများစု စစ်အုပ်စု လက်ထဲ ပြန်ပါသွားပြီလို့ ဆိုတယ်။
စစ်အုပ်စုဟာ ရှောက်ပင်ရိုးရွာကတဆင့် စဉ့်ကူးမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာကြီးတွေ ဖြစ်တဲ့ နွယ်ရုံ၊ ကျည်တောက်ပေါက်နဲ့ ကံတောင်ရွာတွေဘက် ဆက်လက် ထိုးစစ်ဆင်ဖွယ်ရှိပြီး မြေပြင် စစ်ကြောင်း မရောက်မီ ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲတာ၊ လက်နက်ကြီးထုတာတွေ လုပ်နေသလို ကံတောင်ကျေးရွာ အထိ စစ်အုပ်စုဘက်က အရပ်ဝတ်နဲ့ စိမ့်ဝင်လာတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ ထိမ်းချုပ်စိုးမိုးခဲ့တဲ့ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေကို ပြန်ရရေး စစ်အုပ်စုက ပြီးခဲ့တဲ့ ဇွန်လမှာ မန္တလေးကတဆင့် စတင် ထိုးစစ်ဆင်လာတာဖြစ်ပြီး အဓိကအားဖြင့် လေကြောင်းနဲ့ ဒရုန်းအားကိုး ထိုးစစ်ဆင်ကာ မြေပြင်စစ်ကြောင်းမရောက်မီ မြို့၊ရွာတွေကို ဗုံးပတ်ကြဲ သတ်ဖြတ်လေ့ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေး – မတ္တရာ – စဉ့်ကူးလမ်းပိုင်းကို ပြန်လည် စိုးမိုးထိန်းချုပ်သွားပြီ ဖြစ်သလို သပိတ်ကျင်းနဲ့ မိုးကုတ်အထိ လမ်းကြောတလျှောက် ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အနေနဲ့ ဆက်လက် ထိုးစစ်ဆင်နေလို့ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ တိုက်ပွဲတွေတော့ ဆက်လက် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ သပိတ်ကျင်းနယ်ကနေ အထက်ပါ ကားလမ်းအတိုင်း အောက်ဘက်ကို ထိုးစစ်ဆင် လာတဲ့ စစ်အုပ်စုဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဇရပ်ကွင်းရွာကို ပြန်ရသွားပြီ ဖြစ်သလို သပိတ်ကျင်းမြို့နယ်ရဲ့ အရှေ့တောင်ခြမ်းရှိ ရွှေတောဒေသဖြစ်တဲ့ ကွင်း၃၀၊ ဝက်သေ၊ ဖက်ရှည် စတဲ့ ကျေးရွာတွေကိုလည်း စစ်အုပ်စုက ပြန်လည် ထိမ်းချုပ်ထားပြီလို့ ဆိုပါတယ်။
သပိတ်ကျင်းနယ် ရွှေတောနယ်မြေတွေ ပြန်ရသွားတဲ့ စစ်အုပ်စုဟာ ဒေသခံ အရပ်သားတွေ၊ ရွှေတွင်းလုပ်သားတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာလည်း မြေပြင်စစ်ကြောင်း မရောက်မီ ကျေးရွာတွေအပေါ် ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ထုတာတွေ အပြင် တိုက်ပွဲအတွင်း ဒရုန်းတွေကို အဓိကအားပြု တိုက်ခိုက်နေတယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
“ကွင်း ၃၀ နဲ့ လိပ်ကျကို ရောက်နေပြီ၊ လိပ်ကျကနေ ဒရုန်းနဲ့ ကျောက်ဖြူဘက်ကို ချနေတာ”
သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်ထဲ စစ်အုပ်စုက ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲနေလို့ နေအိမ်တွေမှာ မနေထိုင်ဝံ့တော့ဘဲ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ အရပ်သားပြည်သူတွေကိုလည်း စစ်အုပ်စုက လိုက်လံ ဗုံးကြဲသတ်ဖြတ်နေပါတယ်။
စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကနေ စစ်ကိုင်းတိုင်းဘက်ကို ကူးသန်းသွားလာရာမှာ အဓိက အရေးပါတဲ့ လမ်းမကြီးတွေနဲ့ မြစ်ကူးဆိပ်တွေကို ဒီဇင်ဘာ ဒုတိယပတ်က စတင်ကာ စစ်အုပ်စုက ပိတ်ဆို့ထားပြီးနောက် စစ်ဘေးရှောင်တွေ၊ ခရီးသွားတွေ၊ မြစ်ကူးဆိပ်တွေကို နေရာမရွေး လိုက်လံ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက လိုက်လံဗုံးကြဲ သတ်ဖြတ်လို့ ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ရက်အထိ သုံးရက်တာအတွင်း ရွှေဘို၊ ခင်ဦးနဲ့ ဝက်လက်နယ်မှာ ခရီးသွားပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀ ကျော် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရပြီး ကားအစီးရေ ဆယ်နဲ့ချီ ပျက်စီးခဲ့ပါတယ်။
ဒီကနေ့အထိ စစ်အုပ်စုက မန္တလေးကနေ စစ်ကိုင်းတိုင်းဘက် စစ်ဘေးရှောင် ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်လံ ဗုံးကြဲ သတ်ဖြတ်နေဆဲ ဖြစ်သလို ဧရာဝတီမြစ်အတွင်း ဖြတ်သန်းသွားလာလို့ မရအောင်လည်း ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းဆုံလမ်းမနဲ့ မြစ်ကူးဆိပ်တွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်တာနဲ့ ပတ်သက်ပြီး PDF တွေ ထွက်ပြေးလို့ လိုက်လံ သတ်ဖြတ်နေတာလို့ စစ်အုပ်စုက ဒီဇင်ဘာ ၁၉ရက်မှာ နိုင်ငံပိုင် ရုပ်သံလိုင်းတွေကတဆင့် အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အတွင်းက ထောင်သောင်းချီတဲ့ ပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် ထွက်မပြေးနိုင်တဲ့ ပြည်သူတွေလည်း အမြောက်အများ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ ဖမ်းဆီးပေါ်တာဆွဲ၊ သတ်ဖြတ်နေလို့ ထွက်ပြေးနေရတဲ့ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က ပြည်သူတွေ/Photo – MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



