စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာမီးရှို့၊ လူသတ်နေလို့ ပြည်သူတွေ ထွက်ပြေးနေရတာ တစ်လ ရှိလာ၊ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်၊

သုထက်/MFP၊ ဒီဇင်ဘာ – ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှို့၊ တွေ့သမျှလူကို ဖမ်းဆီးသတ်ဖြတ်နေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ တစ်လကြာ ရှိလာပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ လကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက စစ်ကြောင်းထိုး စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ချောင်းဦးနယ်၊ ကျီကုန်းကျေးရွာထဲ ဆက်လက် စီးနင်းအထိုင်ချ တပ်စွဲထားပြီး ညစဉ်ညတိုင်း မူးရူးသောက်စားပြီးနောက် အိမ်တွေမီးရှို့တာ၊ အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ကျီကုန်းရွာဟာ အိမ်ခြေ ထောင်ချီရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး အဲ့ဒီရွာကို စစ်အုပ်စု စီးနင်းပြီးနောက် အဘိဝံသဘွဲ့တော်ရ ဆရာတော်တစ်ပါး အပါအဝင် ဒေသခံ ငါးဦးထက်မနည်းကို သတ်ဖြတ်ကာ အိမ်ခြေ ရာနဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သလို ရေခဲသေတ္တာ၊ အဲကွန်းနဲ့ ဒန်အိုးဒန်ခွက်ကအစ ကျေးရွာအတွင်းက ဖောက်ထွင်းလို့ရသမျှ ပစ္စည်းတွေကို မုံရွာမြို့ပေါ်အထိ ခိုးယူသယ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စိတ်ထဲ မထင်ရင်မထင်တဲ့အချိန် မီးထရှို့တယ်၊ လက်နက်ကြီးက နေ့ရောညရော ပစ်နေတယ်” လို့ စစ်ရှောင်ပြည်သူတစ်ဦးက MFP ကို ​ပြောပါတယ်။

တချိန်တည်းမှာပဲ ချောင်းဦးမြိုပေါ်က စစ်အုပ်စု ဂိတ်၊ ချောင်းဦးမြို့အပြင် မုံရွာ – ချောင်းဦးလမ်းပေါ်က မြပုလဲဂိတ်နဲ့ မုံရွာမြို့အပြင် ကားလမ်းပေါ်ရှိ မအူဂိတ်တို့ကနေ စစ်အုပ်စုက ညစဉ်ညတိုင်း ချောင်းဦးဘက်ကို ၁၂၀ မမ လက်နက်ကြီးတွေ၊ ဟောင်ဝစ်ဇာတွေနဲ့ ရမ်းကားပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ လုယက်မီးရှို့၊ လက်နက်ကြီးထုနေလို့ ကျီကုန်းရွာ အပါအဝင် မုံရွာနဲ့ ချောင်းဦးနယ်အစပ်၊ ချောင်းဦးနယ်အတွင်းရှိ အမြင့်၊ ချောင်းဆုံ၊ ရွှေဒါးကျ၊ ထန်းတောကြီး၊ ချောင်းမနား၊ ပေါက်တော၊ ကုန်းကြီး၊ လှော်ကား၊ သစ်စိမ့်၊ မြင်သာ၊ ပုံနမော် စတဲ့ ကျေးရွာတွေက ပြည်သူတွေ နိုဝင်ဘာလကုန်ပိုင်းက စတင်ကာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ဒီနေ့အထိ အိမ်မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာက လိုနေတုန်းပဲ၊ စစ်ကိုင်းနယ်အနှံ လေကြောင်းပစ်၊ စစ်ကြောင်းထိုး လုပ်နေတော့ လှူတဲ့ပြည်သူတွေလည်း မော၊ စစ်ရှောင်တွေလည်း လောတဲ့ အနေထား ရောက်နေပြီ”

စစ်အုပ်စုက ညနေပိုင်း မူးရူးသောက်စားပြီးချိန် လက်နက်ကြီး ပစ်ခတ်လေ့ရှိလို့ ညနေပိုင်းနဲ့ ညပိုင်းအချိန်တွေမှာ မုံရွာနဲ့ချောင်းဦးနယ်အစပ် ကျေးရွာတွေက ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းနေရပြီး ထိတ်လန့်နေရတယ်လို ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မကြာခင် လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ မုံရွာနဲ့ ချောင်းဦးနယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးအတွက် လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ချောင်းဦးနယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – မောင်ကောင်း၊ CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button