ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုလည်း ရပ်ကွက်ရုံးခေါ်ပြီး ကားနဲ့တင်ကာ မဲဆွယ်ပွဲရှိရာ ပို့၊
မြထွန်းဦးဟာ မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်ပြီး ရွေးကောက်ပွဲပြီးရင် လွှတ်တော်ဥက္ကဌ လုပ်မယ်လို့ ကြွေးကြော်ထားသူဖြစ်၊
တေဇ/MFP၊ ဒီဇင်ဘာ – ၂၅
မန္တလေးတိုင်း၊ မေမြို့မှာ အာဏာသိမ်း စစ်အုပ်စုရဲ့ တိုင်းမှူးအဆင့် လာရောက်ပြီး ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ ဆွေးနွေးမှာမို့ တစ်အိမ်တစ်ယောက် မလာမနေရလို့ ပြောဆိုခေါ်ယူကာ တွေ့ဆုံပွဲ ရောက်ရှိလာတဲ့ ပြည်သူတွေကို စစ်ဗိုလ်ချုပ်ဟောင်း မြထွန်းဦးက ရွေးကောက်ပွဲမှာ သူ့ကို မဲပေးဖို့ ဟောပြော စည်းရုံးခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၄ရက် မနေ့က မေမြို့ ခရိုင်အားကစားကွင်းထဲကို တိုင်းမှူးနဲ့ တွေ့ဆုံပွဲ တက်ရောက်ဖို့ဆိုပြီး စစ်အုပ်စုက မြို့ခံတွေကို လိမ်လည် ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။
“မေမြို့ ခရိုင်အားကစားကွင်းမှာ တိုင်းမှူးလာပြီး တွေ့ဆုံပွဲ လုပ်မှာမို့ တစ်အိမ်တစ်ယောက် မလာမနေရ ဆိုပြီး လိုက်ခေါ်တယ်။ ပြီးတော့ တိုင်းမှူး မလာဘူး၊ မြထွန်းဦး မဲဆွယ်ပွဲ လုပ်တာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ မေမြို့မှာ ဧည့်စာရင်းနဲ့ နေထိုင်ကြတဲ့ ပြည်သူတွေကိုလည်း စစ်အုပ်စုက ရပ်ကွက်ရုံး ခေါ်ကာ လက်မှတ်ထိုးခိုင်းပြီးနောက် ကားပေါ်တက်ခိုင်းပြီး မဲဆွယ်ပွဲရှိရာ ပို့လိုက်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
“ဖွတ်မဲဆွယ်ပွဲကို ဆွေးနွေးပွဲ လုပ်မယ်ဆိုပြီး လိမ်ညာပြီး အခေါ်ခံရတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ မေမြို့မှာ လုပ်တဲ့ မဲဆွယ်ပွဲတွေကို မဲဆွယ်ပွဲလို့ ခေါင်းစဉ်မတပ်ဘဲ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲ၊ ဒေသဖွံ့ဖြိုးရေးနဲ့ မြေယာကိစ္စ လူထုတွေ့ဆုံပွဲ စတဲ့ ခေါင်းစဉ်တွေတပ်ကာ လိမ်ခေါ်ပြီးနောက် တိုက်ပုံဝတ် စစ်ဗိုလ်ချုပ်ဟောင်းတွေက သူတို့ကို မဲပေးဖို့ ဟောပြော စည်းရုံးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၄ရက် မနေ့က မေမြို့ ခရိုင်အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်လောင်း မြထွန်းဦးနဲ့ လူထုတွေ့ဆုံပွဲကို ပရိတ်သတ် နှစ်သောင်း တက်ရောက်တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦးဟာ အာဏာသိမ်းရာမှာ မင်းအောင်လှိုင်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မင်းအောင်လှိုင် လက်အောက်မှာ ဗိုလ်ချုပ်ကြီးအဆင့်အထိ စစ်ဘက်ရာထူးရခဲ့သလို အာဏာသိမ်း စစ်အုပ်စုမှာလည်း မင်းအောင်လှိုင် လက်အောက်ခံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး စတဲ့ ရာထူးတာဝန် အမျိုးမျိုးကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
မြထွန်းဦးက သူ့အနေနဲ့ ရွေးကောက်ပွဲပြီးပါက ပြည်သူ့လွှတ်တော် ဥက္ကဌ လုပ်မယ်လို့ နိုဝင်ဘာလအတွင်းက မဲဆွယ်ပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေပြီး လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ မေမြို့ အပါအဝင် နိုင်ငံတဝန်းက ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပါတယ်။
ဒီဇင်ဘာ ၂၄ရက်က မေမြို့ ခရိုင်အားကစားကွင်းမှာ လုပ်တဲ့ ဗိုလ်ချုပ်ဟောင်း မြထွန်းဦးရဲ့ မဲဆွယ်ပွဲ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



