သပိတ်ကျင်း စစ်ဘေးရှောင်တဲတွေကို စစ်အုပ်စု ဗုံးကြဲလို့ ကလေးငယ် အပါ ပြည်သူ ငါးဦး သေဆုံး၊
တစ်လသားကလေးငယ် အသက်ရှင်ပေမဲ့ မိခင်သေဆုံး၊
တစ်လသားကလေးငယ် အသက်ရှင်ပေမဲ့ မိခင်သေဆုံး၊
ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သီးကုန်းကျေးရွာအနီးရှိ စစ်ဘေးရှောင်တဲတွေကို စစ်အုပ်စုက မနေ့ကညပိုင်း အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ် အပါအဝင် ပြည်သူ ငါးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
မိတ္ထီလာမြို့ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဒီဇင်ဘာ ၂၄ရက် ည ၇နာရီကျော်အချိန်မှာ သပိတ်ကျင်းနယ် သီးကုန်းရွာအနီးရှိ စစ်ရှောင်တဲတွေကို အကြောင်းမဲ့ ဗုံးကြဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့ သီးကုန်းကျေးရွာဟာ သပိတ်ကျင်းနယ် တွင်းငယ်ကျေးရွာရဲ့ မြောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး သေဆုံးသူတွေဟာ တွင်းငယ်ကျေးရွာကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။
တွင်းငယ်ရွာကို စစ်အုပ်စုက စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ရွာခံတွေ စစ်ဘေးရှောင်နေရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပြီး အဲ့ဒီ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေထိုင်တဲ့ တဲတွေကို မနေ့က ညဦးပိုင်း စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်လို့ ၁၁နှစ်အရွယ် သမီးငယ်တစ်ဦးနဲ့ တစ်လသားအရွယ် ကလေးမိခင်တစ်ဦး အပါအဝင် ငါးဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“ထိခိုက်က သုံးယောက်၊ ထူးခြားတာက တစ်လသားကလေး အမေသေ၊ တစ်လသားကလေး ကျန်ခဲ့၊ တခါတည်း သားအဖနှစ်ယောက် မီးသင်္ဂြိုဟ် သလိုဖြစ်”
ဒီဇင်ဘာ ၁၁ ရက်ကလည်း တွင်းငယ်ကျေးရွာရဲ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ရွှေစကာကျေးရွာ တဝိုက်ကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှု ရှိခဲ့ပါတယ်။
တွင်းငယ်ကျေးရွာကို ၂၀၂၄ နှစ်လည်ပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ခဲ့ပေမယ့် တွင်းငယ်ကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ အမှတ် ၁၃ စစ်တန်းမြှင့်လေ့ကျင့်ရေးကျောင်း-တတက ၁၃ နဲ့ ၇မိုင် ကျေးရွာတဝိုက်ရှိ စစ်စခန်းတွေကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ဘူး သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ်နဲ့ စဉ့်ကူးစတဲ့ စစ်ရှုံးနယ်မြေတွေက ထွက်ပြေးလာတဲ့ စစ်အုပ်စု လက်နက်ကိုင်တွေဟာ အဲ့ဒီ တွင်းငယ်နဲ့ ၇မိုင်ရွာရှိ လက်ကျန်စစ်စခန်းတွေ ခိုအောင်းကာ ခုခံနေခဲ့တာ ဖြစ်ပါတယ်။
တွင်းငယ်နဲ့ ၇မိုင်ရွာတဝိုက်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွါးနေခဲ့ကာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲ၊ လက်နက်ကြီးထု၊ လေကြောင်းဗုံးကြဲ၊ မြေပြင်က ရသလောက် ဝင်ရောက်ကာ အိမ်ခြေ ၁၁၀၀ လောက်ရှိတဲ့ တွင်းငယ်ကျေးရွာကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တွင်းငယ်ကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက စစ်ဘေးရှောင် ထွက်ပြေးနေရပြီး နီးစပ်ရာကျေးရွာတွေနဲ့ တောတိုက်တွေမှာ တဲထိုးပြီး စစ်ဘေးတိမ်းရှောင်နေကြတာရလည်း ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက တွင်းငယ်ရွာနဲ့ သပိတ်ကျင်းမြို့ အပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်စခန်းအများအပြားကို ပြန်လည်သိမ်းယူသွားနိုင်ပြီး ကျေးရွာတွေကို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးထု၊ ဒရုန်းနဲ့ ဗုံးကြဲနေဆဲမို့ သပိတ်ကျင်းနယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက စစ်ဘေးရှောင်တွေကိုပါ ပစ်မှတ်ထားကာ လက်လံဗုံးကြဲ သတ်ဖြတ်နေပြီး ယခု ဒီဇင်ဘာ တတိယပတ် ၁၀ရက်တာအတွင်း သပိတ်ကျင်း၊ စဉ့်ကူးနယ်တွေ အပါအဝင် မန္တလေးတိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ရွှေဘို၊ ဝက်လက်နယ်တွေရှိ စစ်ရှောင်စခန်းတွေ၊ လမ်းဆုံလမ်းမနဲ့ မြစ်ကူးဆိပ်တွေကို စစ်အုပ်စုက အကြိမ်ရေ ဒါဇင်နဲ့ချီ ဗုံးကြဲသတ်ဖြတ်လို့ စစ်ရှောင်ပြည်သူတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ရက် ညဦးပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့ သပိတ်ကျင်းနယ် သီးကုန်းရွာအနီးရှိ စစ်ရှောင်တဲတစ်လုံးနဲ့ ဗုံးမကြဲမီ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရတဲ့ သီးကုန်းရွာအနီးရှိ စစ်ရှောင်တဲတွေ/Photo – ပေးပို့၊ MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



