နန်းယု/MFP၊ ဒီဇင်ဘာ – ၂၅
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း (လမ်းဟောင်း)အနီးက ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ စစ်အုပ်စုတပ်သားသုံးဦး လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)ထံ အလင်းဝင်ရောက်လာတယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီစစ်အုပ်စုတပ်ဖွဲ့ဝင် သုံးဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ချင်းကာကွယ်ရေးတပ်-အရှိုထံကို ဒီဇင်ဘာ ၁၄ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ အလင်းဝင်ပူးပေါင်းလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
“ရှေ့တန်းစစ်မြေပြင်၌ အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင် ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးရန် ကြိုးစားလျှက်ရှိနေကြသည်ကို ချင်းကာရေးတပ် – အရှိုထံသို့ ဘက်ပြောင်း အလင်းဝင်ရောက်လာကြသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး၏ ထွက်ဆိုချက်များအရ သိရသည်” လို့ CDF – Asho က ဖော်ပြပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်အုပ်စုတပ်သားတွေဟာ အတင်းအဓမ္မ စစ်သားစုဆောင်းမှု၊ အထက်တပ်မှူးတွေရဲ့ တပ်တွင်းအနိုင်ကျင့် ဗိုလ်ကျအနိုင်ကျင့်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတာကြောင့် ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။
လက်ရှိမှာလည်း နတ်ရေကန်စခန်းအနီးမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုထံ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း ခံထားရသူတွေအနေနဲ့ ချင်းကာကွယ်ရေးတပ် – အရှိုထံ အချိန်မရွေး ဘက်ပြောင်းခိုလှုံကြဖို့လည်း တိုက်တွန်းထားပါတယ်။
ရခိုင်ရိုးမကိုဖြတ်ကာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းဟာ အင်အားတစ်ထောင်ကျော် အခိုင်အမာတည်ရှိတဲ့ ရေဒါစခန်းတစ်ခုဖြစ်သလို အဲဒီစခန်းကို အာရက္ခတပ်တော်(AA)နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ပူးပေါင်းထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ နတ်ရေကန်စခန်းရဲ့နှစ်မိုင်အကွာမှာရှိတဲ့ ဂုတ်ကြီးရွာအနီးမှာ စစ်အုပ်စုတပ်နဲ့ AA၊ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်ရှိနေတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



