မြို့ဆင်ခြေဖုံး ရပ်ကွက်၊ကျေးရွာတွေက လူငယ်တွေက ပေါ်တာဆွဲခံရမှာကြောက်လို့ အိမ်မှာမအိပ်ရဲကြ၊
ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၅
အာဏာသိမ်း စစ်အုပ်စုဟာ လာမယ့်ရက်ပိုင်းအတွင်း လုပ်မယ့် ရွေးကောက်ပွဲကို အကြောင်းပြပြီး မန္တလေးမြို့ပေါ် ရပ်ကွက်တွေကို ပိတ်ဆို့ပြီး ဧည့်စာရင်းစစ်ငွေညှစ်တာ၊ ဖမ်းဆီးပေးတာဆွဲတာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၈ရက်မှာ ရွေးကောက်ပွဲ လုပ်မယ့် နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်း ဧည့်စာရင်းစစ်တာ၊ ပေါ်တာဆွဲတာတွေ လုပ်နေသလို လတ်တလော ရွေးကောက်ပွဲ မလုပ်နိုင်သေးတဲ့ မဟာအောင်မြေမြို့နယ်ထဲမှာလည်း ရပ်ကွက်တွေကို ပိတ်ဆို့ပြီး ဧည့်စာရင်းစစ် ငွေညှစ်တာနဲ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက စိန်ပန်းထဲ ဧည့်စာရင်း ဝင်စစ်တယ်လို့ သိရတယ်၊ ရွေးကောက်ပွဲနီးတော့ ထင်ရာမြင်ရာ လျှောက်စစ်နေကြတာ၊ ဧည့်စာရင်းစစ်တာက အရေးမကြီးဘူး ဧည့်စာရင်းဆိုပြီး ပေါ်တာဆွဲမှာလည်း ကြောက်နေရတယ်၊ ဒီကောင်တွေ သန္ဓေမှန်တာမဟုတ်ဘူး” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အတွင်း ဧည့်စာရင်း ငွေညှစ်ခဲ့သလို ဒီဇင်ဘာ ၂၄ ရက် မနေ့က ညပိုင်းမှာလည်း အောင်မြေသာစံမြို့နယ်၊ ၁၉လမ်းနဲ့ ၈၆လမ်းအနီး၊ အောင်မြေသာစံရပ်ကွက်ထဲ စစ်အုပ်စုနဲ့ ပျူတွေ အပါအဝင် အရပ်ဝတ်တွေက ဧည့်စာရင်းဝင်စစ် ငွေညှစ်ကာ အိမ်ငှားနေသူတွေကို ဓာတ်ပုံတွေ ရိုက်ယူသွားတယ်လို့ မန္တလေးမြို့ခံ မြေပြင်းကင်းထောက်အဖွဲ့ VoMdy က ဖော်ပြပါတယ်။
ဒီဇင်ဘာ ၂၂ရက် ညပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်အနီး၊ ရဲထွဋ်ရွာကို စစ်အုပ်စုက ရုတ်တရက်စီးနင်းပြီး ပေါ်တာဆွဲရာ ပြည်သူ နှစ်ဦး ပါသွားတယ်လို့ VoMdy က ဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့၊ နေရာအသီးသီးမှာ စစ်အုပ်စု လက်နက်ကိုင်နဲ့ အပြာဝတ်တွေ၊ အရပ်ဝတ်တွေဟာ ကားနဲ့ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးငွေညှစ်တာ၊ ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက် စတာတွေကို အချိန်အကြာကြီး စစ်ဆေးငွေညှစ်တာ၊ မှတ်ပုံတင်နဲ့ လိုင်စင်တွေကို PSMS စနစ်နဲ့ စစ်ဆေးတာတွေကို ပိုမို တင်းကြပ် လုပ်ဆောင်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
(PSMS – Person Scrutinization and Monitoring System စနစ်ဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စနစ်တကျ စစ်ဆေးတဲ့ နည်းပညာဖြစ်ပါတယ်။ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်တွေ စတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ကြည့်ပြီး စစ်အုပ်စုက အမှုဖွင့်ထားသူ ဟုတ်၊မဟုတ်၊ CDM ဟုတ်၊မဟုတ် စတာတွေကို စစ်ဆေးတဲ့ နည်းပညာဖြစ်ပါတယ်။ အဲ့ဒီ PSMS စနစ်ကို အာဏာသိမ်း စစ်အုပ်စု အသုံးပြုနိုင်ဖို့ တရုတ် Huawei နည်းပညာကုမ္ပဏီက စစ်အုပ်စုကို ကူညီပေးထားတာဖြစ်)
”မန္တလေး ၁၉ လမ်းဘက် မြစ်ဘက်ခြမ်းနေတဲ့ တချို့လူငယ်တွေဆို ရွာကို ညပြန်မအိပ်ဘဲ သူငယ်ချင်းတွေ အကူအညီနဲ့ အခြားနေရာတွေမှာ ပြောင်းအိပ်ရတယ်၊ မှောင်ရင်လည်း လမ်းက ပြန်လို့ ကောင်းတာ မဟုတ်ဘူး၊ လမ်းမှာ စောင့်ဖမ်းတာ၊ ပေါ်တာဆွဲလို့ ပြန်ရွေးခိုင်းရင် ပိုက်ဆံက နည်းတာ မဟုတ်ဘူး မရှိတဲ့သူကျတော့ မရွေးနိုင်ဘူးလေ”လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မန္တလေးမှာ စစ်အုပ်စုက ပေါ်တာဆွဲထားသူတစ်ဦးကို ကျပ်သိန်း ၁၀၀ နဲ့ ၁၅၀ ကြား ပေးမှ ပြန်လွှတ်ပြီး အဲ့ဒီလို ငွေပေးပြီး လူကို ပြန်ရွေးထုတ်ဖို့အတွက် ဆိုင်ရာပိုင်ရာကို ခေါ်သွားရကာ အဲ့ဒီလို လိုက်ပြီး ညှိနှိုင်းပေးသူကိုလည်း ငွေပေးရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ မတ်လကစလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆာင်းကာ ရက်တိုသင်တန်းပေးပြီးနောက် နိုင်ငံတဝန်းက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက မန္တလေးမြို့ပေါ် ညအချိန် ဧည့်စာရင်းစစ် ငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ မြို့ပေါ်နေရာအနှံ့ ဧည့်စာရင်းစစ်၊ ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်တာတွေ လုပ်နေတဲ့ စစ်အုပ်စု လက်သပ်မွေးထားတဲ့ အပြာ ယူနီဖောင်းဝတ်တွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



