ဟားခါးနဲ့တီးတိန်မြို့တို့မှာ ရွေးကောက်ပွဲနေ့ အသံတိတ်သပိတ် မြို့လုံးကျွတ်ပြုလုပ်ဖို့ ချင်းတော်လှန်ရေးတပ်တွေ တိုက်တွန်း၊
စစ်အုပ်စု ရွေးကောက်ပွဲကျင်းပမဲ့ ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မှာ စစ်ရေးမတည်ငြိမ်၊
နွေဦး/MFP ၊ ဒီဇင်ဘာ-၂၇
စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပမဲ့ ချင်းပြည်နယ်၊ တီးတိန်နဲ့ဟားခါးမြို့တို့မှာ ဒီဇင်ဘာလ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ မြို့နေပြည်သူတွေအနေနဲ့ Silent Strike ဆင်နွှဲကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသီးသီးထုတ်ပြန်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ငါးသောင်းကျော်နေထိုင်တဲ့ ဟားခါးမြို့နယ်မှာ စစ်အုပ်စုတပ်ဟာ မြို့ပေါ်လူထုတွေနဲ့ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဟားခါးမြို့နယ်မှာ ဒီဇင်ဘာ ၂၆ ရက် မနေ့မနက်ပိုင်းကစပြီး စစ်အုပ်စုတပ်ရဲ့ခြေလျင်တပ်ရင်းဖြစ်တဲ့ ခလရ-၂၆၆ စခန်းနဲ ဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ စခန်းနှစ်ခုကို CDF-ဟားခါး တပ်ဖွဲ့ဝင်တွေက စီးနင်းတိုက်ခိုက်ခဲ့နေပြီး စစ်အုပ်စုတပ်ကလည်း လေကြောင်းကနေ ဂျက်ဖိုက်တာ၊Y-12 စတဲ့ လေယာဉ်တွေနဲ့ ဗုံးတွေကြဲချနေတာကြောင့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် CDF-Hakah ဗဟိုကောင်စီအနေနဲ့ ဟားခါးမြို့နယ်ရှိ ပြည်သူလူထုအားလုံးအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကို အသံတိတ်သပိတ်နေ့အဖြစ် သတ်မှတ်ပြီး အိမ်အပြင်မထွက်ဘဲ အိမ်ထဲမှာနေပြီး သပိတ်ဆင်နွှဲကြဖို့ ထုတ်ပြန်ချက်ကတဆင့် တိုက်တွန်းထားပါတယ်။
အလားတူ ဇိုမီးဖက်ဒရယ်အစည်းအရုံးကလည်း တီးတိန်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်ကနေ ရွေးကောက်ပွဲကျင်းပမဲ့ ၂၈ ရက်အထိ အပြင်ထွက်ခရီးသွားလာတာ မလုပ်ဖို့ အသိပေးကြညာထားပါတယ်။
အဲ့ဒီရက်တွေမှာ မိမိတို့အိမ်မှာသာ နေထိုင်ပြီး အပြင်ထွက်သွားလာတာမျိုးမလုပ်ဖို့ကို လေးလေးနက်နက် အသိပေးထားပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ တီးတိန်မြို့နယ်မှာ ၁၀၀,၉၉၈ ဦးနေထိုင်ပါတယ်။ ဒါပေမဲ့ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တီးတိန်နဲ့ဟားခါးမြို့မှာနေထိုင်တဲ့ ပြည်သူတွေဟာ စစ်ဘေးလွတ်ကင်းရာကို ရှောင်တိမ်းနေရတာကြောင့် ပြန့်ကျဲနေတယ်လို့ ဆိုကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



