
ဖိုးချို/MFP၊ ဒီဇင်ဘာ – ၂၇
မန္တလေးမြို့ပေါ် နှစ်မြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၂၇ရက် ဒီကနေ့ မွန်းလွဲပိုင်းကစလို့ မဲရုံလုပ်မဲ့နေရာတွေအနီး လမ်းတချို့ကို ပိတ်ဆို့ကာ ဂိတ်အစောင့် ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဒါ့အပြင် ကမ်းနားလမ်းတလျှောက် အပါအဝင် မန္တလေး မြို့ပေါ် နေရာတချို့မှာ စစ်သုံး FAW ကားနဲ့ လက်နက်အပြည့်အစုံပါတဲ့ စစ်အုပ်စုတွေ လှည့်ပတ်နေတာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
မနက်ဖန် ဒီဇင်ဘာ ၂၈ရက်မှာ မန္တလေးမြို့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်အုပ်စုက ကြေညာထားကာ ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပြီး မဲရုံလုပ်မယ့် နေရာတွေရဲ့ ရှေ့က လမ်းတွေကို ပလပ်စတစ်ကြိုး ဖြူနီကြိုးနဲ့ တားဆီးကာ လမ်းပိတ်ထားပြီး လုံခြုံရေး ချထားသလို လက်နက်ကိုင် ကင်းပတ်နေတာလို့ ဆိုပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ ၇၃ လမ်း၊ ၃၅ လမ်းနဲ့ လမ်း ၃၀ ကြား တဝိုက်မှာ မဲရုံလေးရုံလောက် ရှိနိုင်ပြီး အဲ့ဒီ မဲရုံလုပ်မယ့် အဆောက်အအုံတွေရှေ့မှာ “ခေတ္တလမ်းပိတ်ထားသည်”ဆိုတဲ့ ဗွီနိုင်း စာတန်းဆွဲကာ လမ်းပိတ်ထားကာ မီးသတ်နဲ့ ရဲတွေ ဂိတ်အစောင်းချထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ရွေးကောက်ပွဲက မနက်ဖြန်မှလေ၊ ညနေခင်းလောက်မှ ပိတ်လို့ရတာကို။ သူတို့ဘာသာ သူတို့ ကြောက်နေကြတာ၊ ဒါတောင်မြို့ပေါ်နော်၊ နယ်တွေမှာဆို ဘယ်လိုနေမလဲ မသိဘူး၊ အရင် ရွေးကောက်ပွဲတွေတုန်းက အခုလို လမ်းပိတ်တာမျိုး မကြုံဖူးဘူး”
လမ်းကျယ်တဲ့ ကျောင်းဝန်းလိုနေရာမျိုးကလွဲလို့ မန္တလေးမြို့ပေါ်က ရွေးကောက်ပွဲ မဲရုံလုပ်မဲ့ နေရာအများစုမှာ လမ်းပိတ်ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲ အပိုင်း(၁)အဖြစ် မန္တလေးတိုင်းက ရှစ်မြို့နယ် အပါအဝင် နိုင်ငံတဝန်း ၁၀၂ မြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာတချို့မှာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပါတယ်။ မန္တလေးတိုင်းထဲ စစ်အုပ်စုက မနက်ဖန် ရွေးကောက်ပွဲ လုပ်မယ့် မြို့နယ်တွေဟာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မေမြို့၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ ညောင်ဦးတို့ ဖြစ်ပါတယ်။

မန္တလေးမြို့၊ ရပ်ကွက်ရုံးတစ်ရုံးရှေ့ရှိ လမ်းကို ပိတ်ဆို့ကာ ဂိတ်စောင့်၊ လမ်းသွားလမ်းလာတွေကို လက်နက်ပြ တားဆီးစစ်ဆေးငွေညှစ်တဲ့ စစ်အုပ်စုကို စစ်အာဏာသိမ်းစ ပြီးခဲ့တဲ့ နှစ်အတွင်းက တွေ့ရစဉ်/Photo – CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



