ရွေးကောက်ပွဲ လုပ်မယ့် စစ်ကိုင်းမှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ သုံးဦး သေဆုံး၊

ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၇
စစ်ကိုင်းမြို့နယ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုက ဒီဇင်ဘာ ၂၇ရက် ဒီကနေ့ ညနေပိုင်း မြို့နဲ့ နှစ်မိုင်ကျော်အကွာရှိ ကျေးရွာ လက်ဖက်ရည်ဆိုင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်ကိုင်းမြို့နဲ့ နှစ်မိုင်ကျော်အကွာရှိ တအိမ်တည်းကျေးရွာကို စစ်ကိုင်းမြို့ ရဲတပ်ရင်း – ၁၆ ထဲနေ စစ်အုပ်စုက ဒရုန်းနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်ထဲ ကျရောက် ပေါက်ကွဲတဲ့ ဗုံးကြောင့် အသက် ၆၀ ကျော်နဲ့ ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦး၊ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ နောက်ထပ် ဒဏ်ရာရသူလည်း နှစ်ဦး ရှိတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။
“စစ်ကိုင်းမြို့နဲ့ နှစ်မိုင်ခွဲအကွာမှာ ရှိတဲ့ ရွာကို လေကြောင်းတိုက်ခိုက်သွားတာ။ ပြည်သူတွေကို ဒီအတိုင်း (တိုက်ပွဲမရှိဘဲ) လာလုပ်သွားတာ”
ပန်ကာခြောက်လက်ပါ ဒရုန်းနဲ့ ကျေးရွာပေါ်ကို သုံးကြိမ် ဗုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မနက်ဖန် ဒီဇင်ဘာ ၂၈ရက်မှာ စစ်ကိုင်းမြို့နယ်ထဲ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပြီး ရွေးကောက်ပွဲမတိုင် နာရီပိုင်းအလိုမှာ အခုလို ပြည်သူကို ပစ်မှတ်ထားကာ ဗုံးကြဲသတ်ဖြတ်တာ ဖြစ်ပါတယ်။
တအိမ်တည်းကျေးရွာဟာ စစ်ကိုင်း – မုံရွာ ကားလမ်းနဲ့ မနီးမဝေးမှာ တည်ရှိပြီး လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ စစ်အုပ်စုက ကြေညာထားတဲ့ ကျေးရွာအုပ်စု ဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ်မှာ ဆားတောင်မြို့ အပါအဝင် ရပ်ကွက် ၃၄ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၇၆ ခု ရှိတဲ့အနက် အာဏာသိမ်း စစ်အုပ်စုက စစ်ကိုင်းမြို့ပေါ် နဲ့ ဆားတောင်မြို့ တစ်ခြမ်းမှာသာ အယောင်ပြ ရွေးကောက်ပွဲ လုပ်မှာဖြစ်ပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၈၁ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးလို့ ကြေညာထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



