ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို မုံရွာမြို့ပတ်လည် ရွာတချို့ကို စစ်အုပ်စု စီးနင်းကာ နေရာယူတပ်စွဲ၊

သုထက်/MFP၊ ဒီဇင်ဘာ – ၂၇
စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလို မုံရွာမြို့ အနီးက ကျေးရွာတချို့ကို စစ်အုပ်စု စီးနင်းကာ တပ်စွဲနေရာယူနေတာ တွေ့ရပြီး ပြည်သူတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက်ဖန်မှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် မုံရွာမြို့နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ကို လုံခြုံရေးတိုးမြှင့်တဲ့ အနေနဲ့ ကျေးရွာတချို့မှာ စီးနင်းတပ်စွဲတာ ဖြစ်မယ်လို ဒေသခံတွေက သုံးသပ်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ မနက် ၉နာရီအချိန် နမခ ကနေ တင့်ကား နှစ်စီး အပါအဝင် လက်နက်ကြီးတွေ တင်ဆောင်ထားတဲ့ သံပြားကာကားတွေနဲ့ ထွက်လာပြီး ဘုတလင်မြို့နယ်ဆီ ဦးတည်စစ်ကြောင်းထိုးကာ ဇီးတောရွာထဲ စီးနင်းအထိုင်ချ တပ်စွဲနေရာယူတာ တွေ့ရတယ်လို့ ဘုတလင်မြိုနယ်တွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒေါင်းရာဇာ သပိတ် အဖွဲဝင်တစ်ဦးက MFP ကို ပြောပါတယ်။
“နမခက အင်အား ၁၅၀ခန့်နဲ့ ဇီးတောရွာကို တပ်စွဲလိုက်ပြီ၊ နမခထဲကလည်း လက်နက်ကြီးတွေနဲ့ ဘုတလင်နယ်ထဲကို ပစ်တယ်၊ လောလောဆယ် ပြည်သူတွေကို သတိထားဖို အသိပေးထားရတယ်”

ဒါ့အပြင် မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံတားမှာလည်း စစ်အုက်စုက အင်အားတိုးကာ လုံခြုံရေး တိုးထားသလို ချင်းတွင်းတံတားအနီး၊ ယင်းမာပင်မြိုနယ်ရှိ အောင်ဇေယျ မြိုသစ်ကုန်းမှာလည်း တင့်ကား နှစ်စီးနဲ့ သံပြားကာကား လေးစီးနဲ့ အင်အားထပ်တိုးကာ ဒီမနက် ၁၀နာရီလောက်က စလို့ ကွန်ပျူတာကျောင်းထဲမှာလည်း တပ်စွဲနေရာယူထားတယ်လို့ ဆိုပါတယ်။
“အင်အင်းက ၁၀၀ ကျော်မယ်၊ လက်နက်ကြီးတွေပါ တပ်ဆင်ထားတယ်၊ ချင်းတွင်းတံတားမှာလည်း လုံခြုံရေး တိုးမြှင့်ထားတာတွေ တွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ မုံရွာမြို့အဝင်၊ မုံရွာ – မန္တလေး ကားလမ်းပေါ်ရှိ ငွေညှစ်ဂိတ်တွေဖြစ်တဲ့ မအူဂိတ်နဲ့ မြပုလဲဂိတ်ထဲနေ စစ်အုပ်စုကလည်း လက်နက်ကြီးတွေနဲ့ စိတ်ထင်ရာ ရမ်းကားပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက အင်အားတိုးပြီး ကျေးရွာတချို့မှာ တပ်စွဲနေရာယူတာကြောင့် ချင်းတွင်းမြစ်အနောက်ဖက်ကမ်း တော်လှန်ရေး တပ်တွေက မုံရွာ – ယာကြီးလမ်းပိုင်း၊ ပုသိမ်- မုံရွာလမ်းပိုင်း၊ မုံရွာ – ညောင်ပင်ကြီး- ပုလဲ- ဂန့်ဂေါလမ်းပိုင်းတွေကို ဒီဇင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ ပိတ်ထားကြောင်းနဲ့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအရ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ဖက်ဆစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုံဆော်တဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာ – ဘုတလင် ကားလမ်းဘေးမှာ သပိတ်အင်အားစုတွေက စိုက်ထူခဲ့စဉ်/Photo – ဘုတလင်မြို့နယ် သပိတ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



