သတင်း

ဟားခါးနဲ့ တီးတိန်မှာ တိုက်ပွဲဖြစ်နေတဲ့ကြားက စစ်အုပ်စုက ရွေးကောက်ပွဲ ဆက်လုပ်၊

ကြိုတင်မဲ ရေတွက်ရာ ကြံ့ဖွံ့ပါတီ အပြတ်သတ်အသာရ နေပြီး မဲပေးသူ ရာဂဏန်းရှိကာ အများစုက စစ်အုပ်စု ဝန်ထမ်းတွေ ဖြစ်၊

ကြိုတင်မဲ ရေတွက်ရာ ကြံ့ဖွံ့ပါတီ အပြတ်သတ်အသာရ နေပြီး မဲပေးသူ ရာဂဏန်းရှိကာ အများစုက စစ်အုပ်စု ဝန်ထမ်းတွေ ဖြစ်၊

ရွှေဥ/MFP၊ ဒီဇင်ဘာ – ၂၇

 ချင်းပြည်မြို့တော် ဟားခါးနဲ့ တီးတိန်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေကြားကပဲ အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၂၆ရက်က ကြိုတင်မဲတွေကို ရေတွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဟားခါးနဲ့ တီးတိန်မြို့နယ်အတွင်း ဒီဇင်ဘာ ၁ရက်က စတင်ကာ ကောက်ယူထားတဲ့ ကြိုတင်မဲတွေကို ရေတွက်ခဲ့ရာ မြို့နယ်နှစ်ခုလုံးမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အပေါင်းအပါ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) က အပြတ်သတ်အနိူင်ရရှိခဲ့တယ်လို့ စစ်အုပ်စု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇိုးမီး အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှုးက MFP ကို ပြောပါတယ်။

ကြိုတင်မဲတွေကို တီးတိန်မြို့ပေါ်နဲ့ ဟားခါးမြို့နယ်တွေမှာ ကောက်ယူခဲ့တာ ဖြစ်ပြီး မဲပေးသူ ရာဂဏန်းရှိကာ အများစုက စစ်အုပ်စု လက်အောက်ခံ Non CDM ဝန်ထမ်းတွေ ဖြစ်ပြီး စစ်ဘေးရှောင် လူအနည်းငယ်လည်း ကြိုတင်မဲ ပေးတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။

“တီးတိန်က မဲကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီက မဲနှစ်ဆလောက် ပိုများတယ်။ ကျနော်တို့က မဲ ၆၀ ကျော်။ ၇၀ ဝန်းကျင် သူတို့ကတော့ ၁၀၀ ကျော် ဝန်းကျင် ရတာဆိုတော့ သူတို့က ပိုများပါတယ်။ ဟားခါးမှာတော့ ကျနော်တို့ ပါတီမပြိုင်ဘူး၊ ဟားခါးမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရ နေတယ်” လို့ ဇိုးမီး အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှုးက ပြောပါတယ်။

ဒီလို ကြိုတင်ဆန္ဒမဲ ရေတွက်ချိန် နေ့ခင်းမှာ ပစ်ခတ်သံ မကြားရပေမဲ့ ညအချိန်မှာတော့ တီးတိန်မြို့ပေါ်ရှိ ပြည့်သူဆေးဆေးရုံမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ ရှိတယ်လို့ သူက ပြောပါတယ်။

ဟားခါးမြို့ပေါ်  ခြောက်ရပ်ကွက်၊ တီးတိန်မြို့ပေါ် လေးရပ်ကွက်နဲ့ ခိုင်ကမ်းမြို့မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အာဏာသိမ်း စစ်အုပ်စုက ကြေညာထားပတယ်။

ချင်းပြည်ရဲ့ မြို့နယ် ကိုးမြို့နယ် ရှိတဲ့အနက် ထက်ဝက်ကျော်ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားပြီး စစ်အုပ်စု ကျန်ရှိနေဆဲဖြစ်တဲ့ ဟားခါး၊ ဖလမ်း၊ တီးတိန်နဲ့ ထန်တလန် မြို့နယ်လေးခုမှာ စစ်အုပ်စု ကင်းစင်ရေး တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက လုပ်မဲ့ အယောင်ပြ ရွေးကောက်ပွဲမှာ ချင်းတိုင်းရင်းသား ပါတီတွေ ဖြစ်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီတို့က ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း မေမြို့မှာ စစ်အုပ်စုက ကြိုတင်မဲ ရေတွက်နေစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button