မဲလာပေးသူ ရှိတယ်လို့ စစ်ဘော်လီတွေ အောင်ပွဲခံ သတင်းဖြန့်၊
ဒေါ်လာ/MFP၊ ဒီဇင်ဘာ – ၂၈
အာဏာသိမ်း စစ်အုပ်စုရဲ့ အယောင်ပြ ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို မန္တလေးမြို့မှာ ပေါက်ကွဲမှုတချို့ ရှိခဲ့ပေမယ့် စစ်အုပ်စုက မဲရုံတွေကို ပုံမှန်အတိုင်း ဖွင့်လှစ်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၈ရက် မနက်ပိုင်း မန္တလေးမြို့ပေါ် ရပ်ကွက်တချို့ရှိ ရွေးကောက်ပွဲ မဲရုံတွေ စတင်ဖွင့်လှစ်ခဲ့ရာ မဲလာပေးသူတွေ ရှိတယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
မန္တလေးမြို့ပေါ် ငါးမြို့နယ်အနက် အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်အတွင်း စစ်အုပ်စုက ရွေးကောက်ပွဲ လုပ်နေတာ ဖြစ်ပြီး ဒီဇင်ဘာ ၂၇ရက် မနေ့ကတည်းက မဲရုံလုပ်မယ့်နေရာတွေအနီး လမ်းတွေပိတ်ကာ မီးသတ်နဲ့ လက်နက်ကိုင်တွေကို အစောင့်ချထားသလို ညပိုင်းအထိ ရပ်ကွက်တွေထဲ လှည့်ကာ ရွေးကောက်ပွဲ မဲလာပေးကြဖို့ မိုက်နဲ့လိုက်အော်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ဖို့ နာရီပိုင်းအလို ဒီမနက် ၁နာရီကျော်မှာ မန္တလေးမြို့ပေါ် ပစ်ခတ် ပေါက်ကွဲသံတွေနဲ့ လူနာတင်ကားသံတွေ ကြားရတယ်လို့လည်း ဆိုပါတယ်။
“တအုံးအုံးနဲ့ လူနာတင်ကားတွေရော၊ ဆက်ပဲအိပ်ရမလို အထုပ်ပဲ ထပြင်ထားရမလိုနဲ့ ” လို့ မန္တလေးမြို့ခံ တစ်ဦးက ဆိုပါတယ်။
မနေ့က ည ၁နာရီကျော်အချိန် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်းနဲ့ ၅လမ်းအနီးက နေအိမ်တစ်အိမ်ထဲကို ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရတယ်လို့ မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က လက်သပ်မွေးထားတဲ့ စစ်ဘော်လီတွေက သတင်းဖြန့်ပါတယ်။
ပေါက်ကွဲမှုတွေ ရှိခဲ့ပေမယ့် ဒီမနက် ၆နာရီ မဲရုံတွေ စဖွင့်ရာမှာ မဲလာပေးသူတွေလည်း ရှိတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲ အပိုင်း(၁)အဖြစ် မန္တလေးတိုင်းက ရှစ်မြို့နယ် အပါအဝင် နိုင်ငံတဝန်း ၁၀၂ မြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာတချို့မှာ ရွေးကောက်ပွဲ လုပ်မှာ ဖြစ်ပါတယ်။ မန္တလေးတိုင်းထဲ စစ်အုပ်စုက မနက်ဖန် ရွေးကောက်ပွဲ လုပ်မယ့် မြို့နယ်တွေဟာ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မေမြို့၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ ညောင်ဦးတို့ ဖြစ်ပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မဲရုံမှာ မဲပေးနေသူတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



