သတင်း

ဟားခါးနဲ့ ဖလမ်းတိုက်ပွဲမှာ စစ်အုပ်စုတပ်သား ၂၀ နီးပါးသေဆုံးကာ လက်နက်တချို့ သိမ်းဆည်းရရှိ၊

ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၂၉

ချင်းပြည်နယ်ရဲ့ မြို့တော်ဟားခါးနဲ့ ဖလမ်းမြို့နယ်မှာ စစ်အုပ်စုနဲ့ချင်းတော်လှန်ရေးတပ်တွေ နှစ်ရက်တာတိုက်ပွဲအတွင်း စစ်အုပ်စု ၂၀ နီးပါးသေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ချင်းတော်လှန်ရေးတပ်တွေက ဒီဇင်ဘာ၂၆ ရက်နဲ့၂၇ ရက်တို့မှာ ဟားခါးမြို့အခြေစိုက် စစ်အုပ်စုတပ်ရဲ့ ခလရ -၂၆၆ တပ်ရင်း၊ ဟားခါးမြို့မရဲစခန်းနဲ့ ဖလမ်းမြို့နယ် ခွန်းလီကျေးရွာမှာရှီတဲ့ စစ်အုပ်စုစစ်ကြောင်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ချင်းတော်လှန်ရေးတပ်တွေဟာ ခလရ -၂၆၆ တပ်ရင်းနဲ့ ဟားခါးရဲစခန်းစီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်သား ၁၅ ဦးသေဆုံးပြီး လက်နက်ကြီးအပါအဝင် သေနတ်ရှစ်လက် သိမ်းဆည်းရှိခဲ့တယ်လို့ ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ CDF-ဟားခါးဥက္ကဌ ဦးဟရန်လျန်ကလည်း ထုတ်‌ဖော်ပြောဆိုထားပါတယ်။

အလားတူ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ဖလမ်းမြို့နယ် ခွန်းလီကျေးရွာဘေးက တောင်ကြားမှာ စစ်အုပ်စုနဲ့ချင်းတော်လှန်ရေးတပ်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်အုပ်စု တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးကာ သေနတ်နှစ်လက် သိမ်းဆည်းရရှိ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ဝင် CNDF – စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“အလောင်းနှစ်လောင်းရတယ်။ သေနတ်နှစ်လက်ရတယ်”

စစ်အုပ်စုတပ်နဲ့ တိုက်ပွဲတွေအတွင်း ဟားခါးမြို့နယ်က တော်လှန်ရေးရဲဘော်ငါးဦးနဲ့ ဖလမ်းမြို့နယ်က တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုတပ်ကလည်း လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဟားခါးမြို့နယ် Loklung ကျေးရွာနဲ့ ဖလမ်းမြို့နယ် Zathilr ကျေးရွာတို့ကို ကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းအပါအဝင် နေအိမ် ၁၀လုံးခန့် ထိခိုက် ပျက်စီးခဲ့တယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဘုရားကျောင်းတွေ ပျက်စီးတယ်။ဟားခါးက၊ ဖလမ်းဘက်ကတော့ နေအိမ် ပျက်စီးတယ်။ လူထိခိုက်မှုရှိတယ်မကြားရဘူး”
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ဟားခါးမြို့နယ်မှာတော့ ဒီဇင်ဘာလ ၂၈ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ပြီး မဲပေးသူအနည်းငယ်စာ ရှိခဲ့တယ်လို့လည်း သူကဆိုပါတယ်။

ချင်းပြည်နယ်မှာတော့ တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button