စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ချောင်းဦး ကျီကုန်းရွာကို တစ်လကြာ စီးနင်းတဲ့ စစ်အုပ်စုက အိမ်ခြေ ၂၂၀ မီးရှို့ဖျက်ဆီး၊

ရွာထဲ မြေမြှပ်မိုင်း၊ နင်းမိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ ရွာထဲ မပြန်နိုင်သေး

အဘိဝံသ ဘွဲ့တော်ရ ဆရာတော် အပါအဝင် ငါးဦးကို သတ်ကာ ရွာလုံးကျွတ် ဖောက်ထွင်းခိုးယူ၊

ရွာထဲ မြေမြှပ်မိုင်း၊ နင်းမိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ ရွာထဲ မပြန်နိုင်သေး

သုထက်/MFP၊ ဒီဇင်ဘာ – ၂၉

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာကို တစ်လနီးပါးကြာ စီးနင်းခဲ့တဲ့ စစ်အုပ်စုက ကျေးရွာအတွင်းရှိ အိမ်ခြေ ၂၂၀ ကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလုံးကျွတ် ဖောက်ထွင်း လုယက်ပြီးနောက် တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒါ့အပြင် အဘိဝံသ ဘွဲ့တော်ရ ဆရာတော်တစ်ပါး အပါအဝင် ဒေသခံပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းက ပြန်ထွက်သွားချိန်မှာလည်း မြေမြုပ်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၃၀ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခက ထွက်လာတဲ့ စစ်အုပ်စုဟာ ကျီကုန်းရွာကို စီးနင်းပြီး ဒေသခံတချို့ကို သတ်ဖြတ်၊ တချို့ကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ကျေးရွာအတွင်း တစ်လနီးပါးကြာ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် ရွေးကောက်ပွဲမတိုင်မီ ဒီဇင်ဘာ ၂၇ရက်မှာ ရွာထဲက ပြန်ထွက်သွားတာ ဖြစ်ပါတယ်။

စစ်အုပ်စု ပြန်ထွက်သွားပေမယ့် ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာတွေထဲမှာ နင်းမိုင်း၊ မြေမြှပ်မိုင်းတွေ ထောင်ခဲ့တာကြောင့် ရွာခံတွေ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေရသေးတယ်လို့ ဆိုပါတယ်။

“ရွာထဲမှာ နင်းမိုင်း၊ မြေမြှပ်မိုင်းတွေ၊ ပါရာမော်တာ ချတုန်းက မကွဲတဲ့ ဗုံးသီးတွေ ရှိသေးလို့ တာဝန်ရှိသူတွေက မဝင်သေးဖို့ တားထားတဲ့ကြားက လူငယ်တစ်ယောက် ဆိုင်ကယ်စီးဝင်တာ၊ မိုင်းနင်းမိလို့ ပေါက်ကွဲသွားတာ ဆိုင်ကယ်တော့ ပျက်စီးပြီး လူတော့ အနည်းငယ် ဒဏ်ရာရသွားတယ်” လို့ ချောင်းဦးမြိုနယ်မှာ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကျီကုန်းရွာကို စီးနင်းထားစဉ်အတွင်း ကျောင်းသစ်ကျောင်းက အဘိဝံသ ဘွဲ့တော်ရ၊ သက်တော် ၆၀ ကျော်၊ ဝါတော် ၄၀ ကျော်အရွယ် ဆရာတော် ဦးသုမနာဘိဝံသ အပါအဝင် ဒေသခံ ပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့သလို ကျီကုန်းအရှေ့ရွာရှိ အိမ်ခြေ ၁၃၅ ၊ အနောက်ရွာရှိ အိမ်ခြေ ၈၅၊ စုစုပေါင်း အိမ်ခြေ ၂၂၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“(မီးရှို့ခံရတဲ့ အိမ်ခြေစာရင်းဟာ) အိမ်ထောင်စုစာရင်းအတိုင်း ဖြစ်ပါသည်။ အိမ်အရေအတွက် အဆောက်အဦး အရေအတွက်က အရမ်းများပြားပါသည်။ အချို့အိမ်တွေဆို တစ်အိမ်ထဲ အဆောက်အဦး နှစ်ခုပါတာတို့၊ သုံးခုပါတာတို့လည်း များစွာရှိပါသည်။ အိမ်တစ်အိမ်ဆို နှစ်ထပ်တိုက် က နှစ်လုံး၊ ပျဥ်ထောင်အိမ်တစ်လုံး ပါသွားပါသည်။ နေတဲ့အိမ်ရယ်၊ စပါးကျီတိုက်ရယ် နှစ်လုံးပါသွားတဲ့ အိမ်ထောင်စု များစွာလည်း ရှိပါသည်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေ ဖောက်ထွင်းကာ ရေခဲသေတ္တာ၊ အဲကွန်း၊ ဒန်အိုး၊ဒန်ခွက်က အစ လိုချင်သမျှ ပစ္စည်းတွေကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ မုံရွာ နမခ၊ ပျူစခန်းတွေဆီ ခိုးယူ သယ်ထုတ်သွားကာ မသယ်နိုင်တဲ့ ပစ္စည်းတွေကိုလည်း လမ်းဘေးတွေမှာ ပြန့်ကျဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်မီးရှို့ခံရသူနဲ့ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရတဲ့ ပြည်သူတွေအတွက် စားသောက်နေထိုင်ရေးနဲ့ ငွေကြေး အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျီကုန်းကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ စည်ကားတဲ့ ကျေးရွာကြီး ဖြစ်ပြီး မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၀,၀၀၀ ကျော် အပါအဝင် နိုင်ငံတဝန်း အိမ်ခြေ ၁၁၀,၀၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

ချောင်းဦးနယ် ကျီကုန်းရွာထဲ စစ်အုပ်စု ထောင်ထားခဲ့တဲ့ မိုင်းတွေနဲ့ ရွာကို တစ်လကြာ စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ခိုးယူသယ်ထုတ်ပြီးနောက် အိမ်တွေ မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ချောင်းဦး #ကျီကုန်း

Related Articles

Back to top button