မန္တလေးသတင်းအညာမြေ တော်လှန်ရေး

တောတောင်ထဲ ခိုလှုံနေရတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းက စစ်ဘေးဒုက္ခသည်တွေ (Photo News)

ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁

မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ တောတောင်ထဲ ခိုလှုံနေကြရပါတယ်။

တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထိမ်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းဒေသရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက ဇွန်လက စတင်ကာ လေကြောင်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းမရောက်မီ မြို့၊ရွာတွေကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီး ထုတာ၊ မြေပြင်စစ်ကြောင်းကလည်း တွေ့သမျှပြည်သူကို ဖမ်းဆီး၊ ပေါ်တာဆွဲ၊ သတ်ဖြတ်၊ အိမ်မီးရှို့နေတာကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပြီး စားသောက်နေထိုင်ရေး အကူအညီ လိုအပ်နေတယ်လို့ ကိုယ်တိုင် စစ်ဘေးဒုက္ခကြုံတွေ့နေရသူတွေက MFP ကို ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေမှာ ငှက်ဖျားရောဂါတွေ ဖြစ်ပွါးနေပြီး ဆေးဝါးကအစ ခက်ခဲကာ အကူအညီတွေ လိုအပ်နေတယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတဲ့ သပိတ်ကျင်းနယ် တွင်းငယ်ရွာခံ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

”အခုကတော့ ဆေးဝါးပေါ့၊ အခုကတော့ အိမ်လုံးကျွတ်တွေလို ဝမ်းလျှော ဝမ်းပျက်ကလည်း ခနခဏ ဖြစ်တယ်၊ အိမ်လုံးကျွတ်တွေ ဖျားတာ၊ တစ်ယောက်က ပျောက်သွားရင် နောက်တစ်ယောက် ဖျား၊ အဲ့တစ်ယောက်ကပျောက်သွားရင် နောက်တစ်ယောက်ကဖျားနဲ့ အိမ်လုံးကျွတ်တွေ ဖျားကြတာ၊ မဖျားဘဲနဲ့ အဲ့လို ဝမ်းလျှောတာ၊ ဝမ်းလျှော ပျောက်သွားတော့ အဲ့လို ဖျားကြတာ၊ ဖျားတာကတော့ ငှက်ဖျားလို့ ပြောတယ်၊ အဲ့ဒါကလည်း တစ်ယောက်ဖြစ်ရင် တစ်ယောက်က ကူးတော့တာ အဖျားက၊ ဆေးဝါးကကျတော့ အနောက်ရွာကို သွားပြီးတော့မှ ဆရာမတွေဆီ သွားကုတယ်၊ပြီးတော့ ရဲဘော်တွေထဲက ဆရာ၊ဆရာမတွေကလည်း လာကုပေးကြပါတယ်၊ PDF ထဲက ဆရာ၊ဆရာမတွေကလည်း လာကုပေးတယ်၊ တကယ့် သောက်ရမယ့်ဟာ ဆယ်လုံးသောက်ရမယ့်ဟာ ငါးလုံး ပေါ့နော်၊ သုံးရက်သောက်ရမယ့်ဟာ တစ်ရက်ပေါ့၊ အဲ့လိုမျိုးသောက်ရတာ”

စစ်ဘေးရှောင်ရသူတွေထဲ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေ အများအပြား ပါဝင်တာကြောင့် ဆေးဝါး၊ စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း မီးဖွားဖို့အခက်အခဲတွေ၊ သွားလာရေး အခက်အခဲနဲ့ ဆေးဝါး အခက်အခဲ အပါအဝင် လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ မတ္တရာမြို့နယ်ထဲကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ မီးဖွားပြီးစ ၁၁ရက်သား ကလေးမိခင်တစ်ဦးက ပြောပါတယ်။

“ဒါရောဆို ရှစ်ကြိမ်လောက်ရှိပြီ ပြောင်းရတာ၊ ငွေရေးကြေးရေးရော အခက်အခဲ ရှိတယ်၊ စားဝတ်နေရေးရော၊ မိသားစုတွေက အများကြီးပဲဆိုတော့ အကုန်လုံးပေါ့၊ အခက်အခဲ ဖြစ်တာကတော့၊ ဒီစစ်ရှောင်တဲ့ နေရာမှာပဲ၊ မိုးကာတောင်မှ မီးဖွားတော့မယ့် တန်းလန်းကြီး၊ စလိုင်းချိတ်လျှက် တန်းလန်းကြီးတဲ့ မိုးကာတွေသွားငှါး၊ ငှါးပြီးမှ ကာပြီးမှ ဖွားရတာ၊ ဒုက္ခတွေ ရောက်တာ၊ ကားနဲ့ ဟိုသွား၊ သွားတော့ ဟိုဆီကနေ တခါ ဒီကိုပြန်လာ၊ ဒုက္ခတွေကို ရောက်လို့”

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုရဲ့ ထိုးစစ်အတွင်း မြို့၊ရွာတွေကို ဗုံးပတ်ကြဲလို့ ဒေသခံ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလမှာတင်ပဲ မတ္တရာနဲ့ စဉ့်ကူးနယ်ရှိ အရပ်သားပြည်သူ နေထိုင်ရာ နေအိမ်တွေ၊ စစ်ရှောင်တွေ ခိုလှုံရာ စာသင်ကျောင်းတွေကို စစ်အုပ်စုက ဗုံးကြဲခဲ့ရာ ပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

စစ်အုပ်စု ရန်ကြောင့် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ရှိ မြို့၊ရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဖို့ စရိတ်စက မရှိလို့ ကျေးရွာတွေထဲ ကျန်ရစ်သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ကနေ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ စစ်ကိုင်းတိုင်းဘက် စစ်ရှောင်တဲ့ ပြည်သူတွေကိုလည်း လိုက်လံ ဗုံးကြဲသတ်ဖြတ်နေပြီး ဒီဇင်ဘာ ၁၆ရက်ကနေ ၁၈ရက်အထိ သုံးရက်တာအတွင်း မန္တလေး – စစ်ကိုင်း မြစ်ကူးဆိပ်တွေနဲ့ လမ်းဆုံလမ်းမ တွေကို စစ်အုပ်စုက အကြိမ်ရေ ဒါဇင်နဲ့ချီ ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း သုံးမြို့နယ်လုံးကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်သွားပြီ ဖြစ်သလို မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း ကားလမ်းကိုလည်း အပြည့်အဝ ပြန်လည် ထိန်းချုပ် စိုးမိုးသွားပြီ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ သူတို့ပြန်ထိန်းချုပ်နိုင်တဲ့ ကျေးရွာတွေအတွင်း စစ်ဘေးမရှောင် ကျန်ရစ်တဲ့ ပြည်သူတွေကို PDF မသင်္ကာမူနဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ပေါ်တာဆွဲတာ၊ အိမ်မီးရှို့တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတယ်လို့ ကြားရကြောင်း စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်က သောင်းချီတဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ လိုက်လံ ဗုံးကြဲသတ်ဖြတ်တာကို ခံနေရသလို စစ်အုပ်စု စိုးမိုးထိန်းချုပ်လိုက်တဲ့ ဇာတိရပ်ရွာကိုလည်း မပြန်ဝံ့ဘဲ ဘေးလွတ်မယ်ထင်တဲ့ တောတောင်တွေထဲ စစ်ဘေးရှောင် ခိုလှုံနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button